တစ်လအတွင်း ကျင်းပခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲကြီးကတော့ အဆုံးသတ်သွားခဲ့ပါပြီ။ ပြိုင်ပွဲမကျင်းပခင် ဗိုလ်စွဲလိမ့်မယ်လို့ ထင်ကြေးပေးခြင်း သိပ်မခံခဲ့ရတဲ့ အီတလီလက်ရွေးစင်အသင်းက သူတို့ထက်ကို ရေပန်းစားလျက်ရှိနေတဲ့ အင်္ဂလန်ကို ကျော်လွန်ပြီး ယူရိုဆုဖလားကြီးကို ဒုတိယအကြိမ်မြောက်အဖြစ် ပိုင်ဆိုင်သွားခဲ့ရပါတယ်။ ပြိုင်ပွဲကြီးအပြီး ရက်ပိုင်းလေးအတွင်းမှာပဲ Team of the Tournament (TOTT) လို့ခေါ်တဲ့ ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမား (၁၁)ယောက်စာရင်းကို ထုတ်ပြန်လာခဲ့ရာမှာတော့ ကစားသမားတချို့ ချန်လှပ်ခံခဲ့ရလို့ ပရိသတ်များစွာရဲ့ကြားမှာ အငြင်းပွားမှုတွေ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : The Sun

UEFA ကနေ တရားဝင်ထုတ်ပြန်လာခဲ့တဲ့ TOTT ထဲမှာ ယူရိုချန်ပီယံ အီတလီအသင်းရဲ့ ကစားသမား (၅)ယောက် ဒုတိယနေရာရခဲ့တဲ့ အင်္ဂလန်က (၄)ယောက်နဲ့ ဘယ်ဂျီယံ စပိန် ဒိန်းမတ်အသင်းတွေက ကစားသမား(၁)ယောက်စီ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ယူရိုပြိုင်ပွဲအတွင်း ဝင်ရောက်ဆင်နွဲခဲ့ကြတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို အခြေခံပြီး TOTT ကို ပြန်လည်ရွေးချယ်မယ်ဆိုရင်တော့ တရားဝင် ထုတ်ပြန်ထားတဲ့ TOTT က ရွေးချယ်မှုထက် (၆)နေရာစာလောက်ကို အပြောင်းအလဲ ဖြစ်လာပါလိမ့်မယ်။

Photo Credit : The Sun

Stats တွေအပေါ် အခြေခံလို့ထားတဲ့ အကောင်းဆုံးအသင်းမှာတော့ ဂိုးသမားအဖြစ် အီတလီဂိုးသမား ဒွန်နာရမ်မာထက် Clean Sheets အရေအတွက် ပိုများလာခဲ့သလို ပေးဂိုးလည်း အနည်းဆုံး ဖြစ်ခဲ့ရတဲ့ အင်္ဂလန်ဂိုးသမား ပစ်ဖိုဒ့်ကိုသာ ရွေးချယ်ထားပါတယ်။ ဒါ့အပြင် Official TOTT မှာ ရွေးချယ်ထားတဲ့ မက်ဂွိုင်းရား ဘနူချီနဲ့ စပင်နာဇိုလာတို့ကိုပါ Stats TOTT မှာ ပြန်လည်ထည့်သွင်းထားပေမယ့် စပင်နာဇိုလာကို ညာခြမ်းမှာထားပြီး ကိုင်းလ်ဝေါ်ကာထက် လုခ်ရှောကို ရွေးချယ်ကာ ဘယ်ခြမ်းမှာ ထည့်သွင်းခဲ့ပါတယ်။ ကွင်းလယ်ကစားသမား (၃)ယောက်အဖြစ် အကောင်းဆုံး လူငယ်ကစားသမားဆုရ ပတ်ဒရီနဲ့ ယူရိုချန်ပီယံ ဂျော်ဂျင်ဟိုတို့ကို ထပ်မံရွေးချယ်ခဲ့ပေမယ့် ဒိန်းမတ်ကွင်းလယ်လူ ဟူဘယက်အစား အင်္ဂလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်ကို ပြောင်းလဲရွေးချယ်သွားခဲ့ပါတယ်။ တိုက်စစ်မှူး(၃)ယောက်နေရာမှာတော့ Stats TOTT မှာက စတာလင်တစ်ဦးတည်း ပြန်လည်ပါဝင်လာခဲ့ပြီး ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူနဲ့ အီတလီတောင်ပံကစားသမား ခီယေဇာတို့အစား ရွှေဖိနပ်ဆုရှင် ရော်နယ်ဒိုနဲ့ ရွှေဖိနပ်နဲ့ သီသီလေး ကပ်လွဲသွားခဲ့ရတဲ့ ချက်တိုက်စစ်မှူး ပက်သရစ်ရှစ်ခ်တို့ကိုသာ ပြောင်းလဲရွေးချယ်ထားခဲ့ပါတယ်။