ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကစားသမားဘဝမှာ အမှတ်ရခဲ့ဖူးတဲ့ဖြစ်ရပ်တွေဆိုတာ များစွာရှိနေမှာ သေချာပြီး အဲ့ဒီဖြစ်ရပ်တွေထဲမှာ သူရဲ့မန်ချက်စတာယူနိုက်တက်အသင်းဖော်ဟောင်း ဝိန်းရူနီနဲ့ ၂၀၀၆ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တုန်းက ဖြစ်ပွားခဲ့တဲ့ကိစ္စလည်း ပါဝင်နေမှာပါ။ အဲ့ဒီတုန်းက ရူနီဟာ ပေါ်တူဂီကစားသမားတစ်ဦးအပေါ် ကြမ်းတမ်းစွာ ကစားမိခဲ့လို့ ဒိုင်လူကြီးရဲ့သတိပေးစကားပြောခံနေရချိန် ရော်နယ်ဒိုက ဒိုင်ကိုစောဒကတတ်ခဲ့လို့ ရူနီက ရော်နယ်ဒိုကို တွန်းထုတ်ခဲ့ပြီး ရူနီကိုလည်း ဒိုင်က အနီကတ်ပြ ထုတ်ပယ်လိုက်ပါတယ်။ ရူနီထုတ်ပယ်ခံရပြီးနောက်မှာ ရော်နယ်ဒိုက အရန်ခုံပေါ်က သူရဲ့အသင်းဖော်တွေရှိရာဆီကို မျက်စိမှိတ်ပြသွားခဲ့ပါတယ်။

Photo Credit : The Sun

ဒါတွေက ဘောလုံးနယ်ပယ်အတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စရပ်တွေဆိုပေမယ့်လည်း အဲ့ဒီအချိန်တုန်းက ရော်နယ်ဒိုက ရူနီရဲ့မွေးရပ်မြေ အင်္ဂလန်မှာ ဘောလုံးကစားနေရတာဖြစ်တဲ့အပြင် ရူနီနဲ့လည်း ကလပ်အသင်းတစ်သင်းတည်းမှာ ကစားနေရတာဖြစ်လို့ သူရဲ့အခြေအနေတွေက ထင်ထားတာထက်ကို ဆိုးရွှားလာပြီး ပရိသတ်တွေရဲ့ထိုးနှက်ဝေဖန်မှု အင်္ဂလန်ကစားသမားတွေရဲ့ပြစ်တင်မှု မီဒီယာတွေရဲ့အရောက်ပို့မှုတွေကြောင့် နောက်ဆုံးမှာတော့ ရော်နယ်ဒိုက ယူနိုက်တက်ကို စွန့်ခွာသွားဖို့ ဆုံးဖြတ်လာခဲ့ပါတော့တယ်။

Photo Credit : Time24 News

အသက်(၂၁)နှစ်ပဲရှိသေးတဲ့ ရော်နယ်ဒိုဟာ ၂၀၀၆ခုနှစ်ဇူလိုင်လမှာ သူယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ အချိန်တန်နေပြီဖြစ်ကြောင်း စပိန်မြေမှာ သွားရောက်ကစားချင်နေကြောင်းကို မီဒီယာတစ်ခုမှာ ဖွင့်ဟပြောဆိုလာခဲ့ပြီး အသင်းပြောင်းဖို့ကို ယတိပြတ် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဗလင်စီယာအသင်းမှာ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွှက်နေတဲ့ ကာဘိုနီက ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့မန်ဒက်စ်ရဲ့ဆက်သွယ်မှုအရ ရော်နယ်ဒိုကို ဗလင်စီယာအသင်းဆီ ခေါ်ဆောင်နိုင်ဖို့ အကြောင်းဖန်လာခဲ့ပေမယ့် အဲ့ဒီအချိန်ကတည်းက ခြေစွမ်းပိုင်း တိုးတတ်နေတဲ့ ရော်နယ်ဒိုရဲ့တစ်နှစ်လုပ်ခက ယူရို(၁၀)သန်းလောက် ရှိနေတဲ့အတွက် ဒီပမာဏက ဗလင်စီယာအသင်းအတွက် များပြားလွန်းနေတာကြောင့် ဆက်လက်ညှိနှိုင်းရင်းနဲ့မှ အဆင်မပြေတာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပါတယ်။ အသင်းကနေ ထွက်ခွာဖို့ တာဆူခဲ့တဲ့ ရော်နယ်ဒိုဟာလည်း ယူနိုက်တက်မှာ ဆက်လက်ကစားဖို့ပဲ ပြန်လည်ဆုံးဖြတ်ခဲ့ပြီး ဆုံးဖြတ်ချက်ကလည်း မှန်ကန်မှုရှိခဲ့ကာ အသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်ခဲ့သလို ဘလွန်းဒီအောဆုကိုပါ ပထမဆုံးအကြိမ်နဲ့ ပိုင်ဆိုင်ခဲ့ရပါသေးတယ်။ ၂၀၀၉ခုနှစ်အရောက်မှပဲ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲ့ဒီကမှတဆင့် ဂျုဗင်တပ်စ်အသင်းဆီ ရောက်ရှိခဲ့တာဖြစ်ပါတယ်။