MySport Myanmar

ရီးယဲလ်နဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတဲ့အခါ အသင်းဟောင်းအတွက်ပါ ငွေရှာပေးနိုင်ဦးမယ့် ဟာဇက်

ဘယ်လ်ဂျီယံ ထိပ်တန်းကစားသမား အီဒင်ဟာဇက်ဟာ လက်ရှိမှာ သူရဲ့ကလပ် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ စပိန်လာလီဂါဖလား ရယူထားနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ဗိုလ်လုပွဲအထိ တတ်လှမ်းထားနိုင်ပြီဖြစ်လို့ တကယ်လို့သာ ချန်ပီယံလိဂ်မှာလည်း ပြိုင်ဘက်လီဗာပူးလ်ကို အနိုင်ယူပြီး ဗိုလ်စွဲနိုင်ခဲ့မယ်ဆိုရင်တော့ ဟာဇက်ဟာ ချန်ပီယံလိဂ်ဖလားကြီးကိုပါ ကိုင်မြှောက်နိုင်တော့မှာ ဖြစ်သလို သူရဲ့အသင်းဟောင်း ချယ်လ်ဆီးအတွက်ကိုလည်း ငွေကြေးတွေ ထပ်မံရှာဖွေပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Sporting News

ချယ်လ်ဆီးအသင်းရဲ့ legend ကစားသမားဖြစ်တဲ့ ဟာဇက်က ၂၀၁၉ခုနှစ်ကမှ ချယ်လ်ဆီးကနေ ရီးယဲလ်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး အဲ့ဒီလို ပြောင်းရွှေ့ခဲ့စဉ်တုန်းက ဟာဇက်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ရီးယဲလ်နဲ့ ချယ်လ်ဆီးအသင်းတို့ကြားမှာ ဟာဇက်က ရီးယဲလ်နဲ့ ဆုဖလား အောင်မြင်မှုတွေ ရရှိခဲ့မယ်ဆိုရင် ထပ်မံပေးချေရမယ့် အပိုဆုကြေးတွေကို သတ်မှတ်ခဲ့ရာ တကယ်လို့ ရီးယဲလ်အသင်းအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ရဲ့ ချန်ပီယံ ဖြစ်လာခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်းဆီကို အပိုဆုကြေး အမြောက်အများ ပေးချေသွားရမှာ ဖြစ်ပါတယ်။

Photo Credit : The Sun

အသက်(၃၁)နှစ်အရွှ့ယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား ဟာဇက်ဟာ ရီးယဲလ်ကို ရောက်ရှိနေတာ (၃)ရာသီနီးပါးထိ ရှိနေပေမယ့်လည်း အသင်းအတွက် ပွဲပေါင်း(၆၅)ပွဲသာ ကစားထားရသေးသလို အဲ့ဒီပွဲစဉ်တွေမှာလည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရတဲ့ပွဲက အနည်းငယ်ပဲ ရှိခဲ့ရပါတယ်။ အဲ့ဒီ(၆၅)ပွဲအတွင်း (၆)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ ဟာဇက်က ရီးယဲလ်အသင်းအတွက် ဂျင်းမိသွားခဲ့တဲ့ ကစားသမား ဖြစ်စေခဲ့ရပေမယ့် အသင်းဟောင်း ချယ်လ်ဆီးအတွက်ကိုတော့ အကျိုးပြုနေသေးတဲ့သူလို့ သတ်မှတ်နိုင်ပါတယ်။ ရီးယဲလ်အသင်းဟာ မကြာသေးခင်ကမှ လာလီဂါချန်ပီယံ ဖြစ်ထားခဲ့တဲ့အတွက် ဟာဇက်ရဲ့ အပိုဆုကြေးနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးအသင်းဆီ ပေါင်(၉.၂၅)သန်း ပေးချေထားခဲ့ရသလို မေ(၂၈)ရက်နေ့ Stade de France ကွင်းမှာ ကျင်းပပြုလုပ်မယ့် ချန်ပီယံလိဂ် ဖိုင်နယ်မှာပါ ဗိုလ်စွဲနိုင်ခဲ့ဦးမယ်ဆိုရင်တော့ ဟာဇက်ရဲ့ မူလအပြောင်းအရွှေအတွက် ပေးချေထားရတဲ့ ပြောင်းရွှေ့ကြေး ပေါင်(၈၈.၅)သန်းကနေ ပေါင်သန်း(၁၃၀)အထိ ထပ်တိုးပေးချေရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ခြေချင်းဝတ်ဒဏ်ရာ ခံစားနေရတဲ့ ဟာဇက်ဟာ လာမယ့်ရာသီမှာတော့ ရီးယဲလ်အသင်းနဲ့ ဆက်လက် လက်တွဲရဖို့ မသေချာတော့ပဲ ရီးယဲလ်ဘက်က သူ့ကို ရောင်းထုတ်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Exit mobile version