အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦးဖြစ်တဲ့ ခရက်စပို ကတော့ လက်ရှိ အာဂျင်တီးနား အသင်းခေါင်းဆောင်နဲ့ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာနိုင်ဖို့ အတွက် ကြိုးစားရာမှာ နားလည်တတ်ကျွမ်းသူ တစ်ဦး လိုအပ်ခဲ့တယ် လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ယခု နွေအပြောင်းအရွှေ့ အတွင်းမှာ ဘာစီလိုနာအသင်း ကနေ တရားဝင် ထွက်ခွာခွင့် တောင်းဆိုခဲ့ပြီး အဆိုပါသတင်းဟာ ဘောလုံးလောက တစ်ခုလုံးကို အကြီးအကျယ် ဂယက်ရိုက်စေခဲ့ပါတယ်။

Photo Credit: Marca

မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ လုပ်ဆောင်မှုတွေကို အားမရတာကြောင့် သူရဲ့ စာချုပ်မှာပါတဲ့ အချက်အလက် အတိုင်း ဘာစီလိုနာအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုဖို့ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ထံ စာရေးသား ပေးပို့ကာ တောင်းဆိုခဲ့တာ ဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ မက်ဆီရဲ့ တောင်းဆိုချက် ကို ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီရဲ့ စာချုပ်ထဲမှာ ပါတဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရှိတယ် ဆိုတဲ့ အချက်ဟာ သက်တမ်းကုန်သွားပြီ ဖြစ်တာကြောင့် မက်ဆီကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၀၀သန်း အထိ ပေးရမယ်လို့လည်း ဘာစီလိုနာအသင်းက တုန့်ပြန်ခဲ့ပါတယ်။ အဆိုပါကိစ္စရပ်တွေမှာ မက်ဆီကို ကိုယ်စားပြုကာ ဆွေးနွေးပေးခဲ့သူဟာ မက်ဆီရဲ့ ဖခင်ဖြစ်သူ ဟော်ဟဲ မက်ဆီ ဖြစ်ပြီး ခရက်စပို ကတော့ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းနဲ့ ဆွေးနွေးတဲ့ အချိန်မှာ နားလည်တတ်ကျွမ်းသူ တစ်ဦးဦးကို တာဝန်ပေးခဲ့သင့်တယ် လို့ သူ့ရဲ့အမြင်ကို ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။

 

Photo Credit: Marca

ခရက်စပိုက ” မက်ဆီဟာ သူ့ရဲ့ဖခင်ကို နေရာတကာမှာ အသုံးချတတ်တဲ့ အကျင့်ကို မပြင်ခဲ့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ တကယ် လိုအပ်တာက စာချုပ်ကိစ္စတွေကို နားလည် တတ်ကျွမ်းတဲ့ ပရော်ဖက်ရှင်နယ် တစ်ဦးပါ။ အေးဂျင့်တစ်ယောက် စကားပြောတာနဲ့ အဖေ တစ်ယောက် စကားပြောပေးတာနဲ့က မတူပါဘူး။ အေးဂျင့်ရဲ့ ဆွေးနွေးမှုတွေဟာ မိသားစုရဲ့ သဘောထားတွေကို ထည့်တွက်လေ့ မရှိဘူးလေ။ ကျွန်တော်က မက်ဆီရဲ့အဖေကို ရှုတ်ချပြောဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စာချုပ်စာတမ်း ကိစ္စမှာတော့ သူက တခြားလူတွေထက် ပိုပြီးတော့ အားနည်းပါတယ်။ ဒီကိစ္စမှာ ဒါရိုက်တာတွေ ၊ စာချုပ်ကိစ္စတွေ ၊ ငွေကြေးတွေ အကြောင်းကို ပြောကြရမှာပါ။ ဒါ့ကြောင့် ဒီလို ဆွေးနွေးမှုတွေကို သူတစ်ယောက်ထဲနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်မယ့် ပရော်ဖက်ရှင်နယ် တစ်ယောက်ကို မက်ဆီက လိုအပ်ခဲ့တာပါ ” လို့ ပြောပြသွားခဲ့တာလည်း ဖြစ်ပါတယ်။