ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် တိုက်စစ်မှူးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်သော ဝေးလ်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား ခရိတ်ဘယ်လာမီက ကစားသမားဘဝကနေ အနားမယူခင် နယူးကာဆဲလ်ယူနိုက်တက် လီဗာပူးလ် မန်စီးတီး ဝက်စ်ဟမ်းအသင်းတွေမှာ ပါဝင်ကစားခဲ့ပြီး သွင်းဂိုးတွေများစွာ ရယူနိုင်ခဲ့သလို ပရိသတ်အချစ်တော် ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လာမီဟာ သူရဲ့ကစားသမားဘဝအတွင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ဖူးပြီး အဆိုပါကမ်းလှမ်းချက်ကို သူ့ဘက်ကနေ ငြင်းဆန်ပယ်ချခဲ့တယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

 

Photo Credit : Sportbible

အသက်(၄၀)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဝေးလ်စ်လက်ရွေးစင်ဟောင်း ဘယ်လာမီဟာ လက်ရှိမှာ နာမည်ကျော် ဘယ်ဂျီယံထိပ်သီး ကလပ်အသင်း အန်ဒါလန်အသင်းရဲ့ ယူ-၂၁အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်လျက်ရှိနေပြီး သူရဲ့ ကစားသမားဘဝကိုတော့ ပရီးမီးယားလိဂ်အသင်းတွေများစွာမှာ ဖြတ်သန်းဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲဲ့ ၂၀၀၃ခုနှစ်တုန်းက ဘယ်လာမီဟာ နယူးကာဆဲလ်အသင်းမှာ ပါဝင်ကစားနေတုန်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် အဲ့ဒီအချိန်တုန်းက ဘယ်လာမီဟာ ဆိုးရွှားလှတဲ့ ဒဏ်ရာအခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရတာမို့ အသင်းပြောင်းဖို့ကို ပယ်ချခဲ့သလို ကစားသမားဘဝကို အဆုံးသတ်လိုက်ဖို့အထိပါ ဆုံးဖြတ်ခဲ့ပါသေးတယ်။

Photo Credit : Sportbible

ဘယ်လာမီဟာ ၂၀၀၃ခုနှစ်တုန်းက နယူးကာဆဲလ်အသင်းနဲ့အတူ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ်အာရှဖလား ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲရင်းနဲ့ ဖိုင်နယ်မှာ ချယ်လ်ဆီးအသင်းနဲ့ ကစားခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ် ရှံးနိမ့်ခဲ့ရသလို ဘယ်လာမီကိုယ်တိုင်ကလည်း ဒူးအရွတ်မှာထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ဘယ်လာမီက သူရဲ့ ဒူးနှစ်ဖက်လုံးရဲ့ အရွတ်တွေကို ထိခိုက်ခဲ့တာဖြစ်လို့ အိပ်မရနိုင်အောင် နာကျင်ခံစားရပြီး ဝေဒနာဆိုးရွှားလာမှုကြောင့် ဘောလုံးဆက်ကစားဖို့ကိုတောင် လက်မြှောက်အရှံးပေးလိုက်ဖို့အထိ စဉ်းစားမိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန် ယူနိုက်တက်အသင်းကလည်း သူ့ကို စိတ်ဝင်တစားနဲ့ ကမ်းလှမ်းနေချိန်ဖြစ်ပေမယ့် သူက ယူနိုက်တက်အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ လိုက်ဖက်ညီအောင် ကစားနိုင်မှာမဟုတ်ဘူးလို့ ယူဆမိခဲ့သလို ဒဏ်ရာအခြေအနေလည်း ရှိနေသေးတဲ့အတွက် ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဘယ်လာမီဟာ ယူနိုက်တက်ရဲ့ ခါးသီးပြိုင်ဘက်အသင်းများဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့မှာ ကစားခဲ့ဖူးပေမယ့်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကိုတော့ မဆွတ်ခူးနိုင်ခဲ့ပါဘူး။