ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ဒီနှစ် ဘောလုံးရာသီမှာ သူရဲ့လက်ရှိကလပ် အယ်လ်နာဆာအသင်းနဲ့ ပိုပြီးတော့ကို အံ့ဝင်ခွင်ကျ ဖြစ်လာခဲ့ရပြီး ဆော်ဒီလိဂ် (၅)ပွဲဆက်တိုက်အထိ ဂိုးတွေ တောက်လျှောက် သွင်းယူထားသလို သူ ဂိုးသွင်းတဲ့ ပွဲတိုင်းမှာလည်း အယ်လ်နာဆာအသင်းက နိုင်ပွဲတွေ ပိုင်ဆိုင်ခဲ့ရပါတယ်။

အခုဆိုရင် ရော်နယ်လ်ဒိုဟာ ၂၀၂၃ခုနှစ်ရဲ့ ပြက္ခဒိန် တစ်နှစ်တာအတွင်းမှာ သွင်းဂိုး (၃၄)ဂိုးနဲ့ ဂိုးသွင်းအများဆုံး ဒုတိယနေရာမှာ ရပ်တည်နေပြီး သူရဲ့အထက်မှာ အာလင်း ဟာလန်းက (၃၆)ရဲ့ ရှိနေသလို ကီလီယန် အမ်ဘာပေကလည်း (၃၃)ဂိုးနဲ့ ဟာလန်း ရော်နယ်လ်ဒိုရဲ့အောက် တတိယနေရာမှာ ရပ်တည်နေပါတယ်။

Photo Credit : Twitter X

အသက် (၃၈)အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း မာနေး ဘရိုဇိုဗစ် အ်ိုတာဗီယိုတို့လို အသင်းဖော်သစ်တွေအပြင် တာလီစကာလို အရင် အသင်းဖော်တွေနဲ့ပါ တွဲဖက်ပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပိုမို ပြသလာနိုင်တဲ့ ရော်နယ်လ်ဒိုဟာ ဒီရာသီ ဆော်ဒီလိဂ်မှာတော့ ဂိုးသွင်းအများဆုံး နဲ့ ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ရှိနေပါတယ်။

မနေ့ညကလည်း ဖာမီနို မာရက်ဇ် စိန့်မက်ဆီမန် ကတ်ဆေးတို့ရဲ့ အယ်လ်အာလီအသင်းကို (၄)ဂိုး (၃)ဂိုးနဲ့ အနိုင်ယူပြီး ကိုယ်တိုင်လည်း (၂)ဂိုး သွင်းယူပြီးနောက် ရော်နယ်လ်ဒိုက “ဒါက ကျေနပ်စရာကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ပြီးတော့ ခက်ခဲမယ့် ပွဲတစ်ပွဲ ဖြစ်မယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိထားပါတယ်။ ကျွန်တော်ကတော့ ဂိုးတွေ သွင်းယူရတာ နိုင်ပွဲတွေ ရယူရတာကို နှစ်သက်တယ်။”

Photo Credit : Twitter X

“ကျွန်တော်ရဲ့ခြေထောက်တွေက ကျွန်တော့်ကို ရပ်ပါတော့လို့ မပြောမချင်း ကျွန်တော် ဘောလုံး ဆက်ကစားနေဦးမှာပဲ။ တချို့လူတွေက ရော်နယ်လ်ဒိုက ပြီးသွားပြီလို့ ပြောနေကြပေမယ့် သူတို့ ဒီလို ပြောနေတာ မှားတယ်ဆိုတာကို ကျွန်တော် ဆက်လက် သက်သေပြခဲ့တယ်။ ကျွန်တော် ဘောလုံးကစားရတာကို နှစ်သက်ပြီးတော့ အရေးအကြီးဆုံးအရာက ကျွန်တော့်အသင်းအတွက် အောင်ပွဲတွေပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားမှာ အဆင့် (၅)နေရာထိ ရပ်တည်လာနိုင်ခဲ့ပြီး ထိပ်ဆုံးနေရာက အယ်လ်အစ်တီဟတ်နဲ့လည်း (၃)မှတ်သာ ကွာဟတော့သလို နောက်ဆုံးကစားထားခဲ့တဲ့ ပြိုင်ပွဲစုံ (၇)ပွဲဆက်တိုက်အထိလည်း နိုင်ပွဲတွေ ဆက်နေရပါတယ်။