ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့မှာ ကစားခဲ့ဖူးသလို လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်က ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီးကို အိမ်ကွင်းမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ကို ကြည့်ရှု အားပေးခဲ့သလို ရီးရဲလ်မက်ဒရစ်က မန်ချက်စတာ စီးတီးကို နောက်ကျ အနိုင်ဂိုးတွေနဲ့ အနိုင်ရသွားမယ်လို့ ယုံကြည်ခဲ့ကြောင်း သိရပါတယ်။

စပိန်လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးတို့ဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ကြပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ကလပ် ရီးရဲလ်မက်ဒရစ်က နှစ်ကျော့ပေါင်း ၆-၅ ဆိုတဲ့ ရလဒ်နဲ့အတူ မန်ချက်စတာ စီးတီးကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာတော့ ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးနဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာပါ။

Photo Credit: Standard

ရီးရဲလ်မက်ဒရစ်က မန်ချက်စတာ စီးတီးကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့တယ် ဆိုပေမယ့် သူတို့အတွက် လွယ်ကူ ချောမွေ့တဲ့ ပွဲစဉ်တွေ မဖြစ်ခဲ့ပဲ ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်က မန်ချက်စတာ စီးတီးကို ၄-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့သလို ဒုတိယအကျော့ အဖြစ် အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရာမှာလည်း ပွဲကစားချိန် ၈၉မိနစ် အထိ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်နေခဲ့ပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူးက ကံကြမ္မာကောင်းတွေကို ဖန်တီးပေးတတ်တယ် ဆိုတဲ့ စကားတွေ အတိုင်းပဲ ရီးရဲလ်မက်ဒရစ်က ပွဲကစားချိန် ၉၀မိနစ်နဲ့ ၉၀+၂မိနစ်တို့မှာ လိုအပ်နေတဲ့ ချေပဂိုးတွေ ပြန်လည် သွင်းယူနိုင်ခဲ့တာကြောင့် အချိန်ပို ဆက်ကစားခွင့် ရခဲ့ပြီး အချိန်ပိုမှာ ရီးရဲလ်မက်ဒရစ်က အဓိက တိုက်စစ်မှူး ဘန်ဇီမာရဲ့ သွင်းဂိုးနဲ့အတူ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ထပ်မံ နိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၆-၅နဲ့ ရီးရဲလ်မက်ဒရစ်က မန်ချက်စတာ စီးတီးကို ပဉ္စလက်ဆန်ဆန် အနိုင်ရရှိကာ ဗိုလ်လုပွဲဆီ ချီတက်နိုင်ခဲ့တာပါ။

Photo Credit: Standard

အထူးသဖြင့် ရီးရဲလ်မက်ဒရစ်က မန်ချက်စတာ စီးတီးကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်က ပရိသတ်တွေ အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ ပရိသတ် အများစုကပါ သူတို့အသင်းက မန်ချက်စတာ စီးတီးကို ရှုံးသွားပြီလို့ ယူဆခဲ့ကြရင်း ပွဲကစားချိန် မိနစ်၈၀ကျော်မှာ ကွင်းတွင်းကနေ ထွက်ခွာခဲ့ကြပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းတင်ထားတဲ့ ရိုနယ်ဒိုကတော့ သူ့ရဲ့ အသင်းဟောင်းဟာ မန်ချက်စတာ စီးတီးကို အနိုင်ယူ ကျော်ဖြတ်နိုင်မယ်လို့ နောက်ဆုံးချိန် အထိ ယုံကြည်ခဲ့ကြောင်း ရိုနယ်ဒိုရဲ့ လက်တွဲဖော် ဂျော်ဂျီနာက ပြန်လည် ဖောက်သည်ချခဲ့ပါတယ်။

ဂျော်ဂျီနာက – “ကျွန်မတို့က ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့ ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲကို အတူတူ ကြည့်ခဲ့ကြပါတယ်။ ပွဲကစားချိန် မိနစ်၈၀ ကျော်လာတော့ ကျွန်မက ဒီပွဲကို မန်ချက်စတာ စီးတီး နိုင်သွားပြီလို့ ပြောရင်း ငါတို့တွေ အိပ်ကြရအောင်လို့ ရိုနယ်ဒိုကို ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ရိုနယ်ဒိုကတော့ ကွင်းလယ်ဒိုင်ရဲ့ ဝီစီမှုတ်သံ မကြားမချင်း ပွဲမပြီးသေးဘူးလို့ ပြန်ပြောခဲ့ပါတယ်။ သူ ပြောတဲ့အတိုင်း တကယ်လည်း ပွဲမပြီးခဲ့ဘူးလေ” လို့ ပြန်ပြောင်း ပြောပြလာခဲ့တာပါ။