ဘောလုံးပရိသတ်တွေ စောင့်ဆိုင်းနေရတဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်တွေ စတင်ရောက်ရှိလာပါပြီ။ စတင်ကျင်းပမယ့်နေ့မှာပဲ တကယ့်ကို ပွဲကြီးပွဲကောင်းတွေလည်း ပါဝင်နေတာဖြစ်လို့ ပွဲကြည့်ပရိသတ်တွေအတွက်ကတော့ ရင်ခုန်သံတွေ ဆူညံနေမှာ သေချာနေပါတယ်။ ဒါဆို ဒီပွဲစဉ်တွေရဲ့အကြောင်းကို သုံးသပ်ခန့်မှန်းကြည့်ရအောင်လားဗျာ။

ဇင်းနစ် နဲ့ ကလပ်ဘရုဂေး (ည၁၁နာရီ၂၅မိနစ်)

နှစ်သင်းလုံးက လက်ရှိမှာ ရလဒ်တွေကောင်းမွန်လျက်ရှိပေမယ့် ဘယ်ဂျီယံကလပ် ဘရုဂေးမှာ ဒဏ်ရာပြသာနာတွေ ရှိလို့နေပါတယ်။ တိုက်စစ်အားသန်တဲ့ အသင်းကောင်းတွေဖြစ်လို့ သွင်းဂိုးတွေများစွာ မြင်တွေ့ရဖွယ်ရှိနေပြီး အိမ်ရှင်ဇင်းနစ်ပဲ အနိုင်ရလိမ့်မယ်လို့ ထင်ပါတယ်။

ဒိုင်နမိုကိဗ် နဲ့ ဂျုဗင်တပ်စ် (ည၁၁နာရီ၂၅မိနစ်)

Photo Credit : Indosports

ရော်နယ်ဒို ပါဝင်ကစားနိုင်သေးခြင်းမရှိလို့ ဂျုဗင်တပ်စ်တိုက်စစ်က အနည်းငယ်အားလျော့သွားနိုင်သလို တိုက်စစ်မှူးသစ်မိုရာတာကလည်း သိပ်အားကိုးလို့မရသေးပါဘူး။ အခုလို ယူကရိန်းမြေမှာ ကစားရမယ့်ပွဲက ဂျုဗင်တပ်စ်အတွက် ပိုပြီးခက်ခဲစေနိုင်ပါလိမ့်မယ်။ ကိဗ်ကလည်း ဥရောပအတွေ့အကြုံကောင်းတဲ့ အသင်းဖြစ်သလို အသင်းကြီးတွေကိုလည်း ဒုက္ခပေးနိုင်ပါလိမ့်မယ်။ သရေကျဖို့များပြီး ဂျုဗီကပ်နိုင်သွားဖွယ် ရှိနေပါတယ်။

ရန်းစ် နဲ့ ခရက်စ်နိုဒါ (ည၁နာရီခွဲ)

ဥရောပအတွေ့အကြုံအားနည်းတဲ့ ရန်းစ်အနေနဲ့ ရုရှားအသင်းဖြစ်တဲ့ ခရက်စ်နိုဒါကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ဥရောပအတွေ့အကြုံရင့် ကလပ်အသင်း ခရက်စ်နိုဒါထက် လက်ရှိမှာ ရန်းစ်အသင်းက ပိုကောင်းတဲ့အသင်းဖြစ်နေလို့ ဒီပွဲက သရေနဲ့သာ အဆုံးသတ်ဖို့ များနေပါတယ်။

ဘာစီလိုနာ နဲ့ ဖယ်ရန်ဗာရိုစ့် (ည၁နာရီခွဲ)

လတ်တလောမှာ ရလဒ်တွေ အရမ်းဆိုးလို့နေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ဥရောပအတွေ့အကြုံနုနယ်သေးတဲ့ ဟန်ဂေရီကလပ် ဖယ်ရန်ဗာရိုစ့်ကိုတော့ အိမ်ကွင်းနူးကမ့်မှာ သေချာပေါက်ကို အနိုင်ယူသင့်ပါတယ်။ ဘာစီလိုနာတို့ ဂိုးပြတ်အနိုင်ရပါလိမ့်မယ်။

လာဇီယို နဲ့ ဒေါ့မွန်(ည၁နာရီခွဲ)

လာဇီယိုက ဒီရာသီမှာ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ အတော်လေးကို ကျဆင်းလို့နေပြီး ဒေါ့မွန်တိုက်စစ်မှူးဟောင်း အမ်မိုဘီလီပါ ဂိုးသွင်းခြေကျလို့နေပါတယ်။ ဒီလိုဖြစ်နေတဲ့ လာဇီယိုအသင်းကို နောက်ပိုင်းနှစ်တွေမှာ ချန်ပီယံလိဂ်ကို အမြဲတမ်းယှဉ်ပြိုင်ခွင့်ရနေတဲ့ ဒေါ့မွန်က ကောင်းကောင်းရင်ဆိုင်နိုင်ဖွယ် ရှိနေပါတယ်။ ဒေါ့မွန်အနိုင်ပါ။

ချယ်လ်ဆီး နဲ့ ဆီဗီလာ (ည၁နာရီခွဲ)

Photo Credit : Daily Express

နှစ်သင်းလုံးကတော့ ဒီပွဲမတိုင်ခင်မှာ ရလဒ်တွေ ဆိုးထားခဲ့ကြပေမယ့် ဥရောပရဲ့အသင်းကောင်းနှစ်သင်း တွေ့ဆုံနေတာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းမှာ သေချာပါတယ်။ ချယ်လ်ဆီးက တိုက်စစ်ပိုင်း ကောင်းမွန်သလောက် ခံစစ်ပိုင်းမှာ စိတ်မချရသေးတဲ့အတွက် ဒါကို ဆီဗီလာဘက်ကနေ အခွင့်ကောင်းယူသွားနိုင်ပါတယ်။ ဆီဗီလာဘက်ကလည်း ခွန်ဒဲလ်မပါဝင်နိုင်လို့ အပြန်အလှန် သွင်းဂိုးတွေ မြင်ရနိုင်ပါတယ်။ ချယ်လ်ဆီးကပ်နိုင်ပါမယ်။

လိုက်ပ်ဇစ် နဲ့ ဘာရှက်ဆီဟီ (ည၁နာရီခွဲ)

တူရကီကလပ် ဘာရှက်ဆီဟီက တဖြည်းဖြည်းနဲ့ ဒေသတွင်းမှာ ကြီးစိုးလာရာကနေ ဥရောပအထိ လွှမ်းမိုးလာနိုင်ဖို့ ကြိုးစားနေတာဆိုပေမယ့် ဒီအုပ်စုထဲမှာ ကျရောက်နေရတာကတော့ သူတို့အသင်းအတွက် တကယ်ကို ကံဆိုးပါတယ်။ လိုက်ပ်ဇစ်ကလည်း အုပ်စုဒုတိယနေရာလောက်နဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့အတွက် အခုလိုပွဲမျိုးမှာ ရလဒ်ကောင်းထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အိမ်ရှင်နိုင်ပါမယ်။

ပီအက်စ်ဂျီ နဲ့ မန်ချက်စတာယူနိုက်တက်(ည၁နာရီခွဲ)

Photo Credit : Daily Express

အားလုံးစိတ်ဝင်စားနေကြမယ့်ပွဲပါ။  လက်ရှိအနေအထားအရတော့ အိမ်ရှင်ပီအက်စ်ဂျီကို ယူနိုက်တက်တို့ ယှဉ်ကစားဖို့က သိပ်မလွယ်ဘူး။ ကောင်တာတိုက်စစ်တွေနဲ့ ဒုက္ခပေးဖို့ ပြင်ဆင်လာခဲ့ရင်တောင် ယူနိုက်တက်ခံစစ်က စိတ်မချရပဲ နေမာ ဘာပေတို့ရဲ့တိုက်စစ်ကို အချိန်မရွေး ဂိုးပေးရနိုင်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ဘက်က ကာဗာနီအပြင် နောက်ခံကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းယားနဲ့ ဘိုင်လီတို့ ပါဝင်ဖွယ်လည်းမရှိလို့ ပိုပြီးတော့ အားနည်းနေနိုင်ပါတယ်။ ပဲရစ်မြေမှာ ပီအက်စ်ဂျီတို့ ယူနိုက်တက်ကို ၂၀၁၉တုန်းက ရှံးကြွေးကို ပြန်ဆပ်နိုင်ပါလိမ့်မယ်။