ပေါက်ဖော်တို့ရဲ့အရပ်ဒေသကနေ ဘယ်လိုပေါ်ပေါက်လာမှန်းမသိတဲ့ ကိုရိုနာဗိုင်းရပ်စ်ခေါ် ၀ူဟန်ဗိုင်းရပ်စ်ခေါ် COVID-19 အဆုတ်ရောင်ကူးစက်ရောဂါဆိုး ကျက်သရေတုံးရောဂါကြီးက အခုဆိုရင် ပေါက်ဖော်တို့ဒေသမှာသာမကပဲ မောင်စည်တို့ရဲ့(စာရေးသူဘောဝါသနာအိုးကြီးရဲ့နာမည်ပါ) ရင်ခုန်သံတွေ ပေါက်ဖွားရာနေရာ တနည်းအားဖြင့်ဆိုရင်တော့ မောင်စည်တို့ကို ဘောလုံးပွဲကောင်းတွေ ထုတ်ဖော်ပေးနေတဲ့ နေရာကြီးဖြစ်တဲ့ ဥရောပအထိ ရောက်ရှိသွားလို့ အခုဆိုရင် ပရီးမီးယားလိဂ်အစ ချန်ပီယံလိဂ်အဆုံး ဘာပွဲကိုမှ မကြည့်ရတော့လို့ ဘောပွဲတွေပြန်လာအောင် (ဘောပွဲမဲ့ညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ်)လို့တောင် ဆိုညည်းရတော့မလားပဲ။

ဘောပွဲတွေမရှိတော့ အိပ်ရေးပျက်သက်သာတာပေါ့တဲ့။ မှန်တော့မှန်ပါတယ်လေ ဒါပေမယ့်လည်းဗျာ ရင်ခုန်သံတွေမြန်စေခဲ့တဲ့ စနေည တနင်္ဂနွေည အဂါ်ည စသဖြင့်ပေါ့ဗျာ ဒီလိုညတွေ အသက်မဲ့သလို ဖြစ်သွားခဲ့တော့ မောင်စည်တောင် ညဘက်အိပ်နေရင်း ဂိုးလို့ထယောင်တဲ့အထိ ဖြစ်စေခဲ့ရပါတယ်။ ဒီလို ထယောင်အော်မိရင်လည်း ထိုင်ပြီးဆုတောင်းရတယ်။ အရှင်ဘုရား ဒီဗိုင်းရပ်စ်အမြန်အမြတ်ပြုတ်ပါစေဆိုပြီးပေါ့ဗျာ။ အခု မောင်စည်သိရသလောက်ဆို ဒီသေချင်းဆိုးဗိုင်းရပ်စ်ကြောင့် လူပေါင်း၆ထောင်ကျော်တောင် အသက်မဲ့ခဲ့ရပြီတဲ့။ အရမ်းကို စိတ်ထိခိုက်စရာကောင်းတယ်ဗျာ။

တကယ်တော့ မောင်စည်က ဒီလိုစာတွေရေးလေ့ရေးထမရှိဘူးဗျ။ ဝူဟန်ကြောင့် ရေးတတ်သွားတာဆိုတော့ ကလောင်နာမည်တွေဘာတွေ သုံးရပြီဆိုရင် မောင်စည်(ဝူဟန်)တွေဘာတွေ ထပ်သုံးရမလားပဲ။ ဖွဖွဟဲ့ ဘာတွေပြောနေမိပါ့လိမ့်။ ကဲပါလေ ပြောနေကြအကြောင်းကိုပဲ ပြန်သွားချင်ပါတယ်။ အခုကတော့ ဘောလုံးပွဲတွေကို ဧပြီလဆန်းပိုင်းအထိ ယာယီရွေ့ဆိုင်းထားပါတယ်။ ပရီးမီးယားလိဂ် စီးရီးအေ လာလီဂါ ဘွန်ဒက်လီဂါ လီဂူးဝမ်းတို့လို အမှတ်ပေးလိဂ်ပြိုင်ပွဲတွေအပြင် မောင်စည်တို့တွေကို အဓိကဆွဲဆောင််နေတဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲတွေကပါအစ အကုန်ရွေ့ဆိုင်းလိုက်တော့ ကြယ်တွေမစုံတဲ့ညလိုတောင် ဖြစ်နေရတယ်။ စနေ တနင်္ဂနွေနေ့တွေ ရုံးပိတ်ကျောင်းပိတ်ရက်ဆိုပေမယ့် ဘောပွဲမရှိတဲ့နေ့ Weekend တစ်ခုကို ဖြတ််သန်းရတော့မယ်ဆိုတဲ့အသိက မောင်စည်တို့ကို ဝမ်းနည်းစေတယ်။ မိုဘိုင်းလီဂျန့်တွေ ပက်ဂျီတို့တွေပဲ ပိုဆော့ဖြစ်ကြတယ်။ ဒါပေမယ့် ဘောလုံးပွဲတွေကိုပဲ ကြည့်ချင်နေတဲ့ မောင်စည်တို့လို ဘောဝါသနာအိုးကြီးတွေအတွက်ကတော့ ဒီလိုနေ့တွေက တကယ့်ကို ပြသာဒါးပါပဲ။ ဆိုတော့ဗျာ ဒီဗိုင်းရပ်စ်ကြီးသာ ဆက်လက်ပျံပွားနေဦးမယ်ဆိုရင်တော့ အခုလက်ရှိ ဘောလုံးပွဲတွေသာမကပဲ ၄နှစ်မှ တစ်ခါကျင်းပလေ့ရှိသော ယူရိုဖလားပြိုင်ပွဲနဲ့ပါ ဆက်လက်လွဲချော်ရတော့မှာဖြစ်ကြောင်း စိတ်ညစ်ညစ်နဲ့ပဲ ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။