စပိန်လာလီဂါ ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်း ရဲ့ ကြယ်ပွင့် ဂိုးသမား တစ်ဦးဖြစ်သူ သီဘော့ ကော့တွိုက်စ် က အခုလက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား လေးဦးက ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို ပြောပြသွားခဲ့ပြီးတော့ သူ့ကိုယ်သူ ထိပ်တန်း ဂိုးသမားတစ်ယောက်လို့ မသတ်မှတ်သေးကြောင်း ပြောဆိုသွားခဲ့ပါတယ်။ အသက် ၂၈ နှစ်ရှိပြီ ဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ဂိုးသမား တစ်ဦး ဖြစ်သူ ကော့တွိုက်စ် ဟာ စတန်းဖို့ဒ် ဘရစ်ဂ်ျ မှာ ၇ နှစ်တာ ကစားခဲ့ပြီးတဲ့နောက် ၂၀၁၈ ခုနှစ်မှာ ချယ်လ်ဆီး အသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Goal

ကော့တွိုက်စ် အနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို ရောက်စက ချက်ချင်းပဲ အသင်းရဲ့ နံပါတ် ၁ ဂိုးသမား ဖြစ်လာဖို့ အတွက် ရုန်းကန်ခဲ့ရပြီးတော့ ရီးရဲလ်ကစားသမားဘဝ အစပိုင်းရက်တွေမှာ အခြား ဂိုးသမားဖြစ်တဲ့ ကီလာ နားဗတ်စ် နဲ့ မကြာခဏဆိုသလို အလှည့်ကျ ကစားခဲ့ရတာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းနဲ့ အသလက်တီကို မက်ဒရစ် အသင်းရဲ့ ဂိုးသမားဟောင်း ကော့တွိုက်စ်ဟာ နည်းပြ ဇီဒန်း ရဲ့ ပထမ ဦးစားပေး ဂိုးသမား ဖြစ်လာခဲ့တာကတော့ ပြီးခဲ့တဲ့ ရာသီက လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာ အသင်းကို အနိုင်ရပြီးတဲ့ နောက်ပိုင်းမှ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းကို ရောက်ရှိပြီး နောက်ပိုင်းမှာ ကော့တွိုက်စ် ရဲ့ လက်စွမ်းဟာ တိုးတက်လာသလို အသင်းနဲ့လည်း တစ်သားတည်း ရှိလာတာကြောင့် ပရိသတ်‌တွေက ကော့တွိုက်စ် ကို ကမ္ဘာ့ အကောင်း‌ဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် မြင်လာကြပါတယ်။

Photo Credit: Marca

ဒါပေမယ့်လည်း ကော့တွိုက်စ် ကတော့ သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တစ်ဦး အဖြစ် မယုံကြည်ကြောင်း နဲ့ သူဟာ မန်ဝဲလ် နူအာ၊ ဂျန် အိုဘလတ်၊ မတ်စ်-အန်ဒရူး တာ စတီဂျန် နဲ့ အလီဆန် စတဲ့ ကမ္ဘာ့ထိပ်တန်း ဂိုးသမားတွေနဲ့ တန်းတူ အနေအထားသာ ရှိသေးကြောင်း ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော်က ကမ္ဘာ့အကောင်း‌ဆုံး ဂိုးသမား တစ်ဦးလို့တော့ မပြောချင်ပါဘူး။ နူအာ၊ အိုဘတ်၊ တာစတီဂျန် နဲ့ အလီဆန် စတဲ့ ဂိုးသမားတွေနဲ့ တန်းတူ ကျွန်တော်က အကောင်းဆုံး ဂိုးသမား တစ်ဦးလို့တော့ မြင်မိပါတယ်။ ဘယ်အချိန်မျိုးမှာမဆို ကျွန်တော်တို့က မတူညီတဲ့ ကစားသမားတွေပါ။ ကျွန်တော်တို့ တစ်ယောက်ချင်းစီတိုင်းမှာ သူ့အရည်အချင်းနဲ့ သူရှိကြပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ကော့တွိုက်စ်က နည်းပြ ဇီဒန်း ရဲ့ ဂိုးသမားအလှည့်အပြောင်း အစီစဉ်နဲ့ ပတ်သက်ပြီး ဖွင့်ဟခဲ့ပါတယ်။ “ နည်းပြ ဇီဒန်း က အလှည့်အပြောင်းလုပ်ရတာကို ကြိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒါက သူနဲ့ ကျွန်တော့်ကြားက ဆက်ဆံရေးကြောင့် မဟုတ်ပါဘူး။ အဲ့ဒါက အစပိုင်းမှာတော့ ဆက်ဆံရေးကို အနည်းငယ် ဝေးကွာစေတယ်လို့တော့ ထင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်က အခြားသော ကစားသမားတွေလို သူနဲ့ တွဲပြီး အလုပ်မလုပ်ဖူးသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ၂၀၁၉ နွေရာသီမှာတော့ ကျွန်တော်တို့ကြား အဆင်ပြေသွားပြီးတော့ ဆက်ဆံရေးလည်း တစ်ဆတစ်ဆ တိုးပွားလာပြီး အခုတော့ အတော်လေး ကောင်းနေပါပြီ။ သူက အနေအေးတဲ့သူမျိုးပါ။ အသင်းကို ကောင်းကောင်း လှုံ့ဆော်ပေးနိုင်တဲ့ သူပါ။ ဒါပေမယ့် ရှေးရိုးစွဲသူ ဆိုရင်လည်း ဟုတ်ပါတယ် ” လို့ ပြောပြခဲ့ပါတယ်။