ဘာစီလိုနာအသင်းဟာ အသင်းရဲ့ လစာမြင့်မားတဲ့ ကစားသမားဖြစ်သူ ဖီးလစ်ကော်တင်ဟိုကို ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းဆီ အငှားချနိုင်ခဲ့ပေမယ့်လည်း ဒီအပြောင်းအရွှေ့ကို အပြီးသတ် လုပ်ဆောင်နိုင်သေးခြင်း မရှိသလို ကော်တင်ဟိုကိုယ်တိုင်ကလည်း ဗီလာအသင်း အခြေစိုက်ရာ ဘာမင်ဂမ်မြို့ကို နောက်တစ်ပတ်မှ ရောက်ရှိမှာဖြစ်လို့ ဒီအပြောင်းအရွှေ့ အသေအချာ အထမြောက်သွားမှသာ လာလီဂါမှာ ဘာစီလိုနာ ကစားသမားအဖြစ် စာရင်သွင်းခွင့်ရမယ့် ဖယ်ရန်တောရက်စ်ရဲ့ အခြေအနေဟာလည်း ဆက်လက်စောင့်ဆိုင်းရဖွယ် ရှိနေပါတယ်။

Photo Credit : Marca

အသက်(၂၁)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်က ဆောင်းစျေးကွက် အစပိုင်းမှာပဲ မန်စီးတီးအသင်းကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၅၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းရဲ့ ကစားသမား လုပ်ခလစာ ဖောင်းပွမှုနဲ့ လာလီဂါပြိုင်ပွဲကနေ သတ်မှတ်ထားတဲ့ လစာသတ်မှတ်ချက်တွေကြောင့် တောရက်စ်ကို အခုထိ ဘာစီလိုနာ ကစားသမားအဖြစ် စာရင်မသွင်းနိုင်သေးတာ ဖြစ်ပါတယ်။ အခုလည်း အသင်းရဲ့ လစာ အတန်အသင့်ရှိတဲ့ ကစားသမားကို ဗီလာအသင်းဆီ အငှားချပြီး ကစားသမားရဲ့ လစာ အားလုံးနည်းပါးကိုပါ ဗီလာအသင်းဘက်ကနေ ပေးချေရမှာဖြစ်လို့ ဘာစီလိုနာဘက်က ဖယ်ရန်တောရက်စ်ကို အသင်းသားအဖြစ် စာရင်သွင်းဖို့ အခြေအနေကောင်းလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Manchester Evening News

ဒါပေမယ့် ကော်တင်ဟိုရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး နှစ်ဖက်အသင်းဘက်ကနေ အပြောင်းအရွှေ့အကြောင်းကို ထုတ်ပြန်ခဲ့ပေမယ့် လုံးဝအပြီးသတ် တရားဝင် မဖြစ်သေးတဲ့အတွက် ဖယ်ရန်တောရက်စ်ကို လာလီဂါမှာ စာရင်းသွင်းဖို့က ခက်ခဲနေရတာ ဖြစ်ပါတယ်။ တကယ်လို့ လာလီဂါမှာ စာရင်းသွင်းနိုင်ခဲ့မယ်ဆိုရင်တောင် ဖယ်ရန်တောရက်စ်က ကိုဗစ်ပိုး ကူးစက်ခံနေရတဲ့အပြင် ခြေထောက်ဒဏ်ရာကလည်း သက်သာခါစသာ ရှိနေသေးတဲ့အတွက် အသင်းနဲ့ ပွဲထွက်နိုင်ဖို့က တကယ်ကို ခက်ခဲနိုင်ပါတယ်။ ဒီလို အခြေအနေတွေ ရှိနေချိန်မှာ ဘာစီလိုနာအသင်းဘက်က အသင်းအတွက် အလိုမရှိတော့တဲ့ ကစားသမားတွေကို ဆက်လက်ရှင်းထုတ်ဖို့ လိုအပ်နေပြီး နောက်ခံလူ ဆင်မြူရယ်အမ်တီတီကိုလည်း အသင်းကနေ ရောင်းထုတ်ရဦးမှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ လာမယ့်(၁၃)ရက်နေ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမယ့် စပိန်စူပါဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ သူတို့ရဲ့ ကစားသမားသစ် ဖယ်ရန်တောရက်စ်ကို အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားဖို့ စီစဉ်လျက် ရှိနေတယ်လို့ သိရပါတယ်။