လီဗာပူးလ်ကနေ ဘာစီလိုနာအသင်းဆီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး စပိန်မြေမှာ ထင်သလောက်ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းဆီ အငှားချခံခဲ့ရတဲ့ ဘရာဇီးတိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ဟိုဟာ လာမယ့်အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းပြောင်းရဖို့ ရှိနေတဲ့အတွက် သူ့ကိုအသင်းပေါင်းများစွာကနေ ချိတ်ဆက်လို့နေပြီး ကစားသမားကိုယ်တိုင်ကတော့ အဲ့ဒီအသင်းတွေအားလုံးထက် သူရဲ့အသင်းဟောင်း လီဗာပူးလ်ကိုပဲ ပြန်သွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : AS English

အသက်(၂၈)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ ဘိုင်ယန်အသင်းဆီမှာ အငှားသွားကစားနေရပေမယ့် အသင်းအတွက် ထူးထူးခြာခြား စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ခဲ့တာကြောင့် ဘိုင်ယန်ကနေ သူ့ကိုအပြီးသတ်ခေါ်ယူဖို့ ပယ်ချခဲ့တဲ့အပြင် သူရဲ့မိခင်ကလပ် ဘာစီလိုနာကလည်း အသင်းကနေ ရောင်းထုတ်ချင်နေတဲ့အတွက် ကော်တင်ဟိုအနေနဲဲ့ လက်ရှိမှာ သူရဲ့အနာတ်ကို ဆုံးဖြတ်ချက်ချရတော့မယ့် အနေအထားဖြစ်နေခဲ့ရပါတယ်။ ကော်တင်ဟိုရဲ့အေးဂျင့်ဖြစ်သူကတော့ သူရဲ့ကစားသမားကို ပရီးမီးယားလိဂ် ကလပ်အသင်းများစွာကနေ စိတ်ဝင်စားနေတယ်လို့ ဝန်ခံပြောဆိုထားခဲ့ဖူးပါတယ်။

Photo Credit : Sky Sport

ကော်တင်ဟိုကို ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက် အာဆင်နယ် စပါးနဲ့ နယူးကာဆဲလ်အသင်းတွေကနေ ခေါ်ယူဖို့အတွက် အပြိုင်စိတ်ဝင်စားကြနေပေမယ့့် ကော်တင်ဟိုကိုယ်တိုင်ကတော့ ဒီအသင်းတွေအားလုံးထက် အသင်းဟောင်း လီဗာပူးလ်ဆီကိုသာ ပြန်သွားချင်နေတယ်လို့ သိရပါတယ်။ ကော်တင်ဟိုဟာ လီဗာပူးလ်ဆီကို ပြန်လည်ပြောင်းရွှေ့နိုင်ဖို့အတွက် နည်းပြယာဂင်ကလော့ကိုတောင် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သတင်းထွက်လာခဲ့ပြီး လီဗာပူးလ်ကို ပြောင်းရွှေ့ခွင့် ပြန်လည်ရရှိမယ်ဆိုရင် သူရဲဲ့မြင့်မားလှတဲ့ လုပ်ခလစာကိုတောင် လျှော့ချယူပေးမယ်ဆိုပြီး ကလော့ကို တောင်းဆိုခဲ့ကြောင်း အဆိုပါသတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းအနေနဲ့ကလည်း လာမယ့်စျေးကွက်အတွင်း ကစားသမားသစ်ခေါ်ယူဖို့က အသင်းရဲ့ စီးပွားရေးအခြေအနေနဲ့ အသင်းပိုင်ရှင်ရဲဲ့ ငွေကြေးထုတ်ပေးနိုင်မှုအပေါ်မှာ မူတည်နေသလို လီဗာပူးလ်ဘက်ကနေ အလိုရှိခဲ့တဲ့ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာမှာလည်း အသင်းပိုင်ရှင်ဖြစ်သူရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဝါနာကို မခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။