စပိန်အင်အားကြီး ကလပ် ဘာစီလိုနာအသင်း ကနေ ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းထံကို တစ်ရာသီ အငှားနဲ့ လာရောက် ကစားနေတဲ့ ဘရာဇီးလ် ကွင်းလယ်လူ ကော်တင်ဟိုဟာ သူရဲ့ ကစားသမားဘဝမှာ အကောင်းဆုံး ခြေစွမ်းတွေကို ရရှိခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်အားထက်သန် နေတယ်လို့ သိရပါတယ်။ အသက် ၂၈နှစ် ရှိနေပြီ ဖြစ်တဲ့ ဘရာဇီးလ် ကွင်းလယ် တိုက်စစ် ကစားသမား ကော်တင်ဟိုဟာ လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ၅နှစ်ကြာအောင် ကစားခဲ့သူ ဖြစ်ပြီး လီဗာပူးအသင်းနဲ့အတူ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့်ပဲ ဘာစီလိုနာအသင်း ထံကို ၂၀၁၇ခုနှစ်မှာ ပြောင်းရွှေ့ကြေး ပေါင် ၁၄၂သန်းနဲ့ ပြောင်းရွှေ့ခွင့် ရခဲ့ပါတယ်။

Photo Credit: Tribuna

 

ဘာစီလိုနာအသင်းဆီကို ရောက်ရှိပြီးချိန်မှာတော့ ကော်တင်ဟိုဟာ ထင်ထားသလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခြင်း မရှိတော့ပဲ ဒဏ်ရာပြဿနာတချို့နဲ့ ရုန်းကန်ခဲ့ရတာကြောင့် ပုံမှန် ပွဲကစားခွင့် မရခဲ့ပါဘူး။ ဒါ့ကြောင့်ပဲ ယခု ဘောလုံးရာသီ အစမှာ ပုံမှန် ပွဲကစားခွင့် ရရှိဖို့ ကော်တင်ဟိုဟာ ဘိုင်ယန်မြူးနစ်အသင်းထံကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဘိုင်ယန် မြူးနစ်အသင်းမှာ ပွဲကစားခွင့်တွေ ရခဲ့ပေမယ့် ဘိုင်ယန်မြူးနစ် အသင်းက သူ့ကို အပြီးသတ် မခေါ်ယူချင်တာကြောင့် လာမယ့် နွေစျေးကွက် မှာ ကော်တင်ဟိုဟာ သူနဲ့ ကိုက်ညီမယ့် အသင်း တစ်သင်းကို ရှာဖွေမလား ၊ ဒါမှမဟုတ် ဘာစီလိုနာအသင်းမှာပဲ ဆက်လက် ရှိနေမလားဆိုတာကို ဆုံးဖြတ်ရတော့မှာပါ။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေ အရ ကော်တင်ဟိုကို ခေါ်ယူဖို့ ပြင်သစ် အင်အားကြီးအသင်း ပီအက်စ်ဂျီ ၊ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်ကြတဲ့ အာဆင်နယ် ၊ ချယ်လ်ဆီး ၊ ကော်တင်ဟိုရဲ့ အသင်းဟောင်း လီဗာပူးအသင်းတို့က ကြိုးစားဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Tribuna

လက်ရှိမှာတော့ ကော်တင်ဟိုရဲ့ အေးဂျင့် ဖြစ်သူ ဂျူရက်ဘ်ချီယန်က ကော်တင်ဟိုရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဖွင့်ဟ ပြောဆိုမှုတွေ လုပ်ခဲ့ပြီး ကော်တင်ဟိုဟာ ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့ စိတ်ကူးနေကြောင်း ဆိုသွားပါတယ်။ ကော်တင်ဟိုရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ချီယန် က ” ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ဩဂုတ်လ ၂၃ရက် မှ ပြီးဆုံးမှာ ဖြစ်တာကြောင့် ကော်တင်ဟိုလို ထိပ်သီး ကစားသမားတစ်ဦးရဲ့ အပြောင်းအရွှေ့ အကြောင်းကို အခိုင်အမာ ပြောပြဖို့က ခက်ခဲပါတယ်။ အခုချိန်မှာ သူ့အတွက် ဆုံးဖြတ်ချက် ချရတာဟာ အတော်လေး ခက်ခဲနေပါတယ်။ ကော်တင်ဟိုဟာ ပရီးမီးယားလိဂ်ဆီ ပြန်သွားဖို့ ဆန္ဒရှိနေတာကို ကျွန်တော်တို့ မဖုံးကွယ်ချင်ပါဘူး​။ သူဟာ ပရီးမီးယားလိဂ်မှာ ကစားရတာကို အရမ်း သဘောကျတဲ့သူပါ။ ဒါ့ကြောင့် ပရီးမီးယားလိဂ်ဟာ သူ့ရဲ့ ဦးစားပေးပါပဲ။ ဒါပေမယ့် သူဟာ ဘာစီလိုနာမှာလည်း ဆက်ရှိနေနိုင်ပါသေးတယ်။ ဒီတော့ ကော်တင်ဟိုရဲ့ အပြောင်းအရွှေ့က အတော်လေးကို ပွင့်လင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။ သူဟာ ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်တာကြောင့် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေက အများအပြား ရှိလို့ နေပါတယ် ” လို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။