မကြာသေးမီကမှ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်း ကနေ ပရီးမီးယားလိဂ် ကလပ် အက်စ်တွန်ဗီလာ အသင်းဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား ဖိလစ်ပီ ကော်တင်ဟိုဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗီလာ ၂-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမား ဘဝ တကျော့ပြန် ပွဲဦးထွက်ကို ကစားခဲ့သလို မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ဆုံတိုင်း ဒုက္ခပေးနိုင်တဲ့ မှတ်တမ်းကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
အသက် ၂၉နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား ဖိလစ်ပီ ကော်တင်ဟိုဟာ တချိန်က ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား တဦး အဖြစ် သတ်မှတ်ခံရအောင် လီဗာပူးအသင်းနဲ့ အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သူ ဖြစ်ပြီး လီဗာပူး ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ချိန်မှာတော့ သူ့ရဲ့ ကစားသမား ဘဝ အမှောင်မိုက်ဆုံး အချိန်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။
Photo Credit: Express
ကော်တင်ဟိုဟာ လီဗာပူးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၀၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅၄ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄၆ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းဆီ ရောက်ရှိချိန်မှာတော့ ပြိုင်ပွဲစုံ ၁၀၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၅ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုကလည်း ၁၅ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ ဘာစီလိုနာအသင်းက ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ ကော်တင်ဟိုကို အရောင်းစာရင်း တင်ခဲ့တာ ဖြစ်ပြီး လီဗာပူးအသင်းမှာ ရှိနေစဉ်က ကော်တင်ဟိုရဲ့ အရည်အသွေးကို ကောင်းကောင်းကြီး သိတဲ့ ဗီလာနည်းပြ ဂျာရတ်က အဆိုပါ အခွင့်အရေးကို အသုံးချကာ ကော်တင်ဟိုကို ဗီလာအသင်းဆီ ခေါ်ယူခဲ့ပါတယ်။
Photo Credit: Express
ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗီလာ ၂-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာတော့ ကော်တင်ဟိုဟာ သူ့ရဲ့ ဗီလာ ကစားသမားဘဝ ပွဲဦးထွက်ကို လူစားဝင် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရခဲ့ပြီး လူစားဝင်ပြီး မကြာခင်မှာပဲ ကော်တင်ဟိုက အသင်းရဲ့ ပထမ ချေပဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ဒုတိယမြောက် ချေပဂိုးကိုလည်း သူကိုယ်တိုင် သွင်းယူပေးခဲ့ပါတယ်။
ကော်တင်ဟိုဟာ လီဗာပူးအသင်းမှာ ကစားစဉ်ကတည်းက မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ဆုံတဲ့ ပွဲတိုင်းမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သူ ဖြစ်တာကြောင့် ဗီလာ ၂-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ သွင်းဂိုး ၁ဂိုး ၊ ဂိုးဖန်တီးမှု ၁ကြိမ် ထပ်မံ ပြုလုပ်နိုင်ခဲ့တာက မဆန်းဘူးလို့လည်း ပြောရပါမယ်။