ဥရောပဝင်ခွင့်နဲ့ လွဲချော်လို့ထားခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ လာမယ့်ဘောလုံးရာသီအတွင်း ပြည်တွင်းပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေနဲ့ လွဲချော်လို့ထားတဲ့ ဥရောပဝင်ခွင့်တွေကို ပြန်လည်ရယူသွားနိုင်ဖို့အတွက် နွေစျေးကွက်အတွင်းမှာ အသင်းကို အင်အားဖြည့်တင်းသွားဖို့ ရှိနေပြီး ကွင်းလယ်ပိုင်းမှာ ဖန်တီးမှုအားကောင်းတဲ့ ကစားသမားမျိုးကို ခေါ်ယူချင်နေတဲ့အတွက် အသင်းရဲ့ ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဖီးလစ်ကော်တင်ဟိုကိုပါ အလိုရှိနေတဲ့ ကစားသမားစာရင်းထဲမှာ ဆက်လက်ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Photo Credit : Arseblog News

အာဆင်နယ်အသင်းဟာ တိုက်စစ်အားသန် ကွင်းလယ်ကစားသမားတွေအဖြစ် နောဝစ်ချ်စီးတီးအသင်းရဲ့ အာဂျင်တီးနားကစားသမား ဘွမ်ဒီယာကို စတင်ပစ်မှတ်ထားခဲ့ပေမယ့် အက်စတွန်ဗီလာသအသင်းက ဘွမ်ဒီယာကို ကြားဖြတ်ခေါ်ယူသွားခဲ့သလို အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ စီဘယ်ယို့စ်နဲ့ အိုဒီဂွာတို့မှာလည်း အငှားသက်တမ်း ပြည့်သွားခဲ့တာကြောင့် ရီးယဲလ်မက်ဒရစ်ဆီ ပြန်သွားခဲ့ရတာကြောင့် နောက်ထပ်ကစားသမားသစ်တွေကို ထပ်မံပစ်မှတ်ထားခဲ့ရတာဖြစ်ပါတယ်။ လတ်တလောမှာတော့ အာဆင်နယ်အသင်း ဘက်တစ်ကွင်းလယ်လူ ဖယ်ကီအာ လက်စတာကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆန်နဲ့ လိုင်ယွန်ကွင်းလယ်လူ အာဝါတို့ကို ပစ်မှတ်ထားနေတဲ့အပြင် ကော်တင်ဟိုကိုပါ အလိုရှိနေတာဖြစ်ပါတယ်။

Photo Credit : beIN SPORTS

အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီး ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းဆီကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ် ပေါင်(၁၄၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စပိန်မြေမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ၂၀၁၉ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းဆီကိုပါ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ လက်ရှိမှာလည်း ဒူးဒဏ်ရာပြသာနာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အနားယူနေရတဲ့ ကော်တင်ဟိုဟာ ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ကိုပါအမေရိကပြိုင်ပွဲကိုပါ ဝင်ရောက်ဆင်နွဲခွင့် မရှိခဲ့ပဲ လွဲချော်ထားခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ကော်တင်ဟိုရဲ့တန်ကြေးတွေက ယူရို(၃၃)သန်းလောက်အထိကို ကျဆင်းသွားခဲ့ရပြီး ဘာစီလိုနာအသင်းဘက်ကနေလည်း တစ်ပတ်လုပ်ခလစာ များစွာပေးချေနေရပြီး အသင်းအတွက် သိပ်အကျိုးမပြုနိုင်တဲ့ ကော်တင်ဟိုလို ကစားသမားမျိုးကို အပြီးသတ်ရောင်းထုတ်သွားချင်နေပါတယ်။ တန်ကြေးကျဆင်းသွားတဲ့ ကော်တင်ဟိုကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲကမှ အာဆင်နယ်နဲ့ လက်စတာတို့ကနေ အလိုရှိနေကြပြီး ကော်တင်ဟိုကလည်း သူကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ရောက်လာဖွယ် ရှိနေပါတယ်။ အာဆင်နယ်မှာကလည်း ဘရာဇီးကစားသမားတွေ အများအပြား ရှိလို့နေတာကြောင့် ကော်တင်ဟိုအနေနဲ့ အသင်းပြောင်းမယ်ဆိုရင် လက်စတာထက် အာဆင်နယ်အသင်းကို ပိုမိုဦးစားပေးရွေးချယ်နိုင်ပါတယ်။