ပြီးခဲ့တဲ့ ဆောင်းစျေးကွက်ကမှ ဘာစီလိုနာအသင်းကနေ အက်စတွန်ဗီလာအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ဟို ဗီလာကို ပြောင်းရွှေ့ခဲ့စဉ်က အပြီးသတ် ခေါ်ယူခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုခဲ့ပြီး လက်ရှိမှာ ဗီလာဘက်ကလည်း ကော်တင်ဟိုကို အပြီးသတ် ခေါ်ယူဖို့ စီစဉ်နေရာ ကော်တင်ဟိုရဲ့ မြင့်မားလှတဲ့ လစာပမာဏက ဗီလာအသင်းအတွက် ပြသာနာတစ်ခုလို ဖြစ်နေရပါတယ်။

Photo Credit : Premier League

လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းဆီ မြင့်မားလွန်းလှတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ပြောင်းရွှေ့ခဲ့စဉ်ကတည်းက ကော်တင်ဟိုရဲ့ တစ်ပတ်လုပ်ခဟာလည်း ပေါင်(၄)သိန်းကျော်လောက်ကို ရရှိနေတာဖြစ်ပြီး အခုလို ဗီလာအသင်းဆီ အငှားချချိန်မှာတောင် တစ်ပတ်ကို ပေါင်(၁)သိန်းကျော်လောက်အထိ ပေးချေနေရတာ ဖြစ်ပါတယ်။ အသက်(၂၉)နှစ်အရွှယ် ဘရာဇီးလက်ရွေးစင် ကစားသမား ကော်တင်ဟိုဟာ ဗီလာကို ကာလတို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရင်း ပေါင်(၃၃)သန်း တန်ကြေးရှိတဲ့ အပြီးသတ် အပြောင်းအရွှေ့ကိုပါ ဗီလာဘက်က ထည့်သွင်းထားခဲ့ရာ ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် ကော်တင်ဟိုဘက်ကနေ သူရဲ့လုပ်ခလစာကို လျှော့ယူပေးသွားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

Photo Credit : Goal

ဒီလို အခြေအနေမျိုးမှာ ကော်တင်ဟိုဘက်ကလည်း သူရဲ့လုပ်ခလစာကို လျှော့ယူပြီး ဗီလာအသင်းမှာပဲ ဆက်လက်ရှိနေဖို့ ဆန္ဒရှိနေတယ်လို့ စပိန်အခြေစိုက် Mundo Deportivo သတင်းမီဒီယာကနေ ဖော်ပြလာပါတယ်။ တချိန်က လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ ဒိတ်ဒိတ်ကြဲ ကစားသမား ဖြစ်ခဲ့ရတဲ့ ကော်တင်ဟိုဟာ လာလီဂါကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိလာချိန်မှာလည်း ဗီလာအသင်းအတွက် အံ့ဝင်ခွင်ကျဖြစ်အောင် ကစားပေးနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ဗီလာအတွက် ပရီးမီးယားလိဂ် (၁၀)ပွဲ ပါဝင်ကစားပေးထားခဲ့ရာ (၄)ဂိုးသွင်း (၃)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ (၁၀)ပွဲအတွင်းမှာ အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု (၇)ဂိုးအထိတောင် ရှိနေခဲ့တဲ့ ကော်တင်ဟိုကို ဗီလာနည်းပြ စတီဗင်ဂျရတ်က အသင်းမှာ အပြီးသတ် ခေါ်ယူထားချင်နေသလို ကော်တင်ဟိုကိုယ်တိုင်ကလည်း သူ့အတွက် ပွဲကစားခွင့်တွေ ပုံမှန်ကို ရရှိနေတဲ့ ဗီလာမှာပဲ ဆက်လက်ကစားချင်တာကြောင့် သူရဲ့လစာကို လျှော့ယူပြီး ဗီလာကိုသာ အပြီးသတ် ပြောင်းရွှေ့ရနိုင်အောင် ကြိုးပမ်းဖွယ် ရှိနေပါတယ်။