လက်ရှိ အငှားစာချုပ်နဲ့ သွားရောက်ကစားနေရတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အပြီးသတ်ခေါ်ယူခြင်းကို မခံထားရသလို မိခင်အသင်းဖြစ်တဲ့ ဘာစီလိုနာမှာလည်း အနာဂတ်မရှိတော့တဲ့ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ဟိုကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် ကလပ်အသင်းပေါင်းများစွာကနေ စိတ်ဝင်စားကြနေပြီး လက်ရှိအချိန်မှာလည်း အဲဗာတန်အသင်းက ကော်တင်ဟိုကို တစ်နှစ်အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် အခြေအနေကောင်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Daily Mail

အာဆင်နယ် ချယ်လ်ဆီး စပါး နယူးကာဆဲလ်ယူနိုက်တက်အသင်းတွေနဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ကော်တင်ဟိုဟာ သူ့အသင်းဟောင်း လီဗာပူးလ်နဲ့လည်း သတင်းတွေ ထွက်ပေါ်ခဲ့သေးပြီး အသင်းဟောင်းဆီကို ပြန်သွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းမီဒီယာတချို့မှာ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် Transfer Window Podcast အစီအစဉ်ကနေ ထုတ်ပြန်လာချက်အရ ကော်တင်ဟိုကို အဲဗာတန်အသင်းဆီ တစ်ရာသီအငှားချဖို့ ဘာစီလိုနာဘက်ကနေ ကမ်းလှမ်းလာခဲ့ရာ အဲဗာတန်ကလည်း ဒီကမ်းလှမ်းချက်ကို စိတ်ဝင်စားခဲ့တာကြောင့် အပြောင်းအရွှေ့က ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

Photo Credit : Daily Mail

ကော်တင်ဟိုဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ လီဗာပူးလ်ကနေ ဘာစီလိုနာအသင်းဆီကို ပေါင်(၁၄၂)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိပဲ ရုန်းကန်ခဲ့ရလို့ ဘိုင်ယန်အသင်းဆီ အငှားချခံခဲ့ရသလို ဘိုင်ယန်ကလည်း ကော်တင်ဟိုကို အပြီးသတ်မခေါ်ယူလိုတာကြောင့် လာမယ့်နွေစျေးကွက်မှာ ဘာစီလိုအသင်းအနေနဲ့ ကော်တင်ဟိုကို အပြီးသတ်ရောင်းချဖို့ ဒါမှမဟုတ် ထပ်မံအငှားချဖို့ လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ကော်တင်ဟိုအပေါ် ဘာစီလိုနာဘက်ကနေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက မြင့်မားနေတာကြောင့် အသင်းတိုင်းလိုလိုက ကော်တင်ဟိုကို အပြီးသတ်ခေါ်ယူဖို့ လက်တွန့်နေကြတဲ့အတွက် အငှားချဖို့ကိုသာ ပြန်လည်စီစဉ်လာခဲ့ပြီး ကော်တင်ဟိုရဲ့လစာအတွက်ကိုပါ ဘာစီလိုနာဘက်ကနေ ထက်ဝက်ကျော်လောက်အထိ စိုက်ပေးသွားဖို့ရှိနေပါတယ်။ ဒါပေမယ့် ကော်တင်ဟိုဘက်က သူ့အသင်းဟောင်း လီဗာပူးလ်ရဲ့ မာဆေးဆိုက်ဒါဘီ ပြိုင်ဘက်ဖြစ်တဲ့ အဲဗာတန်ဆီကို ပြောင်းရွှေ့ကစားဖို့ လက်သင့်ခံနိုင်ပါ့မလားဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလို့နေပါတယ်။