ဒီနှစ်ဘောလုံးရာသီမှ လိုင်ယွန်အသင်းကနေ စပါးအသင်းဆီကို ပေါင်(၅၅)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီကို ပရီးမီးယားလိဂ်မှာ ထွန်းတောက်လာနိုင်တဲ့ ကစားသမားလို့ ဝိုင်းသတ်မှတ်ကြပေမယ့် တကယ်တမ်းကြတော့ စပါးအသင်းရဲ့ကွင်းလယ်မှာ အံ့ဝင်ခွင်ကျဖြစ်အောင် မနည်းကစားနေရသလို အခု နည်းပြသစ်ဟိုဆေးမော်ရင်ဟိုလက်ထက်မှာလည်း ပုံမှန်နေရာပျောက်ဆုံးလို့နေတာကြောင့် ဘာစီလိုနာအသင်းကနေ အမ်ဒွန်ဘီလီရဲ့အခြေအနေကို စောင့်ကြည့်လို့နေပြီး လာမယ့်နွေစျေးကွက်မှာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ်ရှိနေပါတယ်။

Photo Credit : Sky Sport

ဘာစီလိုနာအသင်းကနေ အမ်ဒွန်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေဟာ ဒီရက်ပိုင်းလေးအတွင်းမှာပဲ ပေါ်ထွက်လာခဲဲ့တာဖြစ်ပြီး သူတို့ရဲ့ကစားဟန်နဲ့ ကိုက်ညီတဲဲ့သူဖြစ်လို့ အလိုရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဟာ နေရာစုံမှာ ကစားသမားသစ်တွေများစွာ ပြန်လည်အားဖြည့်ဖို့ရှိနေတဲ့အတွက် အမ်ဒွန်ဘီလီအတွက် ပြောင်းရွှေ့ကြေးအပြည့်အဝနဲဲ့ ခေါ်ယူဖို့ထက် အသင်းကနေ ရောင်းထုတ်ချင်နေတဲ့ ဖီလစ်ပီကော်တင်ဟိုကို စပါးအသင်းဆီ အလိုက်ပေးပြီး အမ်ဒွန်ဘီလီကို ခေါ်ယူဖွယ်ရှိနေပါတယ်။

Photo Credit : Metro

ဒါပေမယ့် လက်ရှိတန်ကြေးအရတော့ ကော်တင်ဟိုရဲ့တန်ကြေးက ပိုမိုမြင့်မားနေတာကြောင့်မို့ အမ်ဒွန်ဘီလီကို ဘာစီလိုနာဘက်ကနေ ကမ်းလှမ်းရာမှာ ကော်တင်ဟိုကို အပြောင်းအရွှေ့တစိတ်တပိုင်းအဖြစ် စပါးအသင်းဆီ တစ်ရာသီအငှားချဖွယ်ရှိနေပါတယ်။ စပါးအသင်းဟာ ကော်တင်ဟိုကို ပြီးခဲ့တဲ့ နွေကတည်းက အငှားနဲဲ့ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ကော်တင်ဟိုက ဂျာမန်မြေမှာ သွားရောက်ကစားဖို့ကိုပဲ ရွေးချယ်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်ဆီကိုပဲ ရောက်ရှိသွားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းနဲ့လည်း ပြန်လည်ပူးပေါင်းဖို့ မလွယ်ကူတော့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်သွားဖို့ ဆန္ဒရှိနေပြီး သူရဲ့အသင်းဟောင်းလီဗာပူးလ်ကလည်း ပြန်လည်ခေါ်ယူလိုနေသလို စပါးနဲ့အပြိုင် ချယ်လ်ဆီးအသင်းကလည်း ကော်တင်ဟိုကို ပစ်မှတ်ထားနေတာဖြစ်လို့ လာမယ့်နှစ်မှာတော့ ကော်တင်ဟိုကို အင်္ဂလန်မြေမှာ ပြန်လည်မြင်တွေ့လာရနိုင်ပါတယ်။