စပိန်အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းကနေ ဂျာမန် အင်အားကြီး ကလပ် ဘိုင်ယန်မြူးနစ် အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ ဘရာဇီးလ် ကွင်းလယ် တိုက်စစ် ကစားသမား ကော်တင်ဟိုကြောင့် မိအေး သုံးခါနာတဲ့ ဖြစ်ရပ်လိုမျိုးပဲ အတော်လေးကို ထိခိုက် နစ်နာခဲ့ရတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ကော်တင်ဟိုကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပေမယ့် ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းထံ ရောက်ရှိ အပြီးမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ယခုနှစ် ဘောလုံးရာသီ အစမှာတော့ ဘိုင်ယန်မြူးနစ် အသင်းထံ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကာ ကစားခဲ့ပါတယ်။

Photo Credit: Express

ကော်တင်ဟိုကို ဘိုင်ယန်မြူးနစ်အသင်းထံ အငှားချခဲ့တာဟာ ဘာစီလိုနာအသင်း အတွက် ကနဦးမှာ ကောင်းခဲ့ပေမယ့် ဘိုင်ယန်မြူးနစ် အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာတော့ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းကို နောင်တတွေ ရရှိအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းက ဘိုင်ယန်မြူးနစ် အသင်းကို ၈-၂ ဆိုတဲ့ ရလဒ်နဲ့ ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ကော်တင်ဟိုဟာ ဘိုင်ယန်မြူးနစ် အသင်းအတွက် နှစ်ဂိုးသွင်းကာ တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး ကိုယ့်အသင်းကို ဒုက္ခပေးဖို့ ကိုယ့်ရဲ့ ကစားသမားကို ဘိုင်ယန်မြူးနစ် အသင်းထံ စေလွှတ်လိုက်ရသလို ခံစားချက်ကို ဘာစီလိုနာအသင်းဟာ ခံစားခဲ့ရပါတယ်။ ဒါတင်မကသေးပဲ ၈-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာဟာ ဘာစီလိုနာအသင်း အတွက် မျက်နှာမဖော်ရဲလောက်အောင် အရှက်ရစရာ ကိစ္စတစ်ခု ဖြစ်ခဲ့ပြီး အကယ်၍ ကော်တင်ဟိုသာ ဘိုင်ယန်မြူးနစ် အသင်းဘက်ကနေ ဝင်ရောက် မကစားပေးခဲ့ရင် ဘာစီလိုနာအသင်းဟာ ဒီလောက်အထိ ဆိုးဆိုးရွားရွား ရှုံးနိမ့်မှာ မဟုတ်ပါဘူး။

Photo Credit: Express

ကော်တင်ဟိုကြောင့် ဘာစီလိုနာအသင်း နစ်နာခဲ့ရတာတွေဟာ ဒီလောက်နဲ့တင် ပြီးမသွားပဲ ယနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်း အနေနဲ့ ပီအက်စ်ဂျီအသင်းကို တစ်ဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ အပြီးမှာတော့ ဘာစီလိုနာအသင်းဟာ ကော်တင်ဟို အတွက် လီဗာပူးအသင်းကို ဆုကြေး ပေါင် ၅သန်း ပေးချေရတော့မယ် လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို လီဗာပူးအသင်းကနေ ခေါ်ယူစဉ်မှာ ကော်တင်ဟိုသာ ချန်ပီယံလိဂ်ဖလား ကို ရခဲ့ပါက ဆုကြေးငွေ ပေါင်၅သန်း ပေးချေပါ့မယ် ဆိုတဲ့ အချက်ကို ထည့်သွင်းကာ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ကော်တင်ဟိုဟာ ချန်ပီယံလိဂ်ဖလားကို ရရှိသွားခဲ့တာကြောင့် အဆိုပါ ဆုကြေးကို လီဗာပူးအသင်းဆီ လွှဲပေးရတော့မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကော်တင်ဟို တစ်ယောက် ချန်ပီယံလိဂ် ဖလားကို ရရှိခဲ့တာဟာ ဘာစီလိုနာအသင်းနဲ့ မဟုတ်ပဲ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရရှိခဲ့တာ ဖြစ်တာကြောင့် ဘာစီလိုနာအသင်း အနေနဲ့ မိအေး သုံးခါနာခဲ့ရတာပါ။