စပိန်လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ကော်တင်ဟိုဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဘာစီလိုနာ အသင်းနဲ့ အီဘာ အသင်းတို့ရဲ့ ပွဲစဉ်မှာ ဒူးခေါင်းဒဏ်ရာ ရရှိခဲ့တာကြောင့် ကာလရှည် အနားယူရတော့မှာ ဖြစ်ကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။ အသက် ၂၈နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ကော်တင်ဟိုဟာ ၂၀၁၈ခုနှစ်မှာ ပရီးမီးယားလိဂ် ကလပ် လီဗာပူးအသင်း ကနေ ဘာစီလိုနာ အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၁၄၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းမှာ ၃နှစ်ကြာအောင် ရှိနေခဲ့ပေမယ့် လက်ရှိအချိန် အထိ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းတစ်ရပ်ကို မပြသထားနိုင်ပါဘူး။

Photo Credit: Standard

ဘာစီလိုနာ အသင်းနဲ့ အီဘာအသင်းတို့ တစ်ဂိုးစီ သရေကျတဲ့ ပွဲစဉ်မှာ ကော်တင်ဟိုဟာ ပွဲစတင် ကတည်းက ပါဝင် ကစားပေးခဲ့သူ တစ်ဦးဖြစ်ပြီး ဒုတိယပိုင်း ပွဲကစားချိန်မှာ ဒူးခေါင်းဒဏ်ရာ ရရှိခဲ့တာကြောင့် အသင်းဖော် ပီယာနစ်နဲ့ လူစားလဲခံခဲ့ ရပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်း အတွက် ယခုနှစ် ဘောလုံးရာသီ ပြိုင်ပွဲစုံမှာ ၁၄ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၃ဂိုး သွင်းယူ နိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာ အသင်းရဲ့ နည်းပြဖြစ်သူ ကိုးမန်းရဲ့ စိတ်ကြိုက် ကစားသမား တစ်ဦး မဟုတ်ပေမယ့် ဘာစီလိုနာ အသင်းအတွက် ပွဲအလှည့်အပြောင်းတွေ ဖြစ်အောင် ပြုလုပ် ပေးနိုင်တဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် အခုလို သူ့ကို ကာလရှည် ဆုံးရှုံးခဲ့ ရတာဟာ ဘာစီလိုနာ အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပါပဲ။

Photo Credit: Standard

ကော်တင်ဟိုရဲ့ ဒဏ်ရာ ပြဿနာနဲ့ ပတ်သတ်ပြီး ဘာစီလိုနာ အသင်းကတော့ အခုလိုပဲ ထုတ်ပြန် ကြေညာ ထားပါတယ်။ ဘာစီလိုနာ အသင်းက “အသင်းရဲ့ ပထမ ကစားသမား တစ်ဦးဖြစ်တဲ့ ကော်တင်ဟိုရဲ့ ဒဏ်ရာ ပြဿနာကို ဆေးစစ်ကြည့်ရာမှာ ဘယ်ဘက်ဒူးခေါင်းမှာ ရှိတဲ့ ကြွက်သားတစ်ခု ဒဏ်ရာ ရရှိခဲ့တာကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ဒီဒဏ်ရာ အတွက် လာမယ့် ရက်အနည်းငယ် အတွင်းမှာ ကစားသမားရဲ့ ဒူးခေါင်း ကို ခွဲစိတ်မှု ပြုလုပ် သွားမှာပါ” လို့ ထုတ်ပြန် ကြေညာခဲ့တာပါ။ စပိန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ ကော်တင်ဟိုဟာ အဆိုပါ ဒဏ်ရာကြောင့် အနိမ့်ဆုံး ၃လကျော် ကနေ ၄လ နီးပါး အထိ အနားယူရဖွယ် ရှိကြောင်း သိရပြီး ကော်တင်ဟိုဟာ ဧပြီလ အစပိုင်းမှသာ အသင်းအတွက် ပြန်လည် ကစားပေးနိုင်ဖွယ် ရှိပါတယ်။