မကြာသေးခင်ကမှ ဘာစီလိုနာအသင်းကနေ အက်စတွန်ဗီလာအသင်းဆီကို ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ လီဗာပူးလ် ကစားသမားဟောင်း ဖီးလစ်ကော်တင်ဟိုဟာ အခုဆိုရင် ဆေးးစ်မှုတွေလည်း အောင်မြင်သွားခဲ့ပြီ ဖြစ်တာကြောင့် လာမယ့် စနေနေ့ ဗီလာပတ်ခ်ကွင်းမှာ ယှဉ်ပြိုင်ကြမယ့် ဗီလာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ စတင်ပါဝင်လာနိုင်ဖွယ ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၂၉)နှစ်အရွှယ် ဘရာဇီးလ် တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း တောက်ပခဲ့သူ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့သွားခဲ့ချိန်မှာတော့ အသင်းရဲ့ ကစားပုံနဲ့ အံ့မဝင်ခဲ့တာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်ရတာ အသင်းမှာ နေရာမရနိုင်တာတွေကြောင့် နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ်ဆီကိုပဲ တကျော့ပြန် ပြောင်းရွှေ့လာခဲ့ရတာ ဖြစ်ပါတယ်။ ကော်တင်ဟိုဟာ ဗီလာအသင်းဆီကို ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့လာခဲ့သလို ယူရိုသန်း(၄၀)နဲ့ အပြီးသတ် ပြောင်းရွှေ့ခွင့်ကိုပါ ထည့်သွင်းထားတာဖြစ်လို့ ဗီလာမှာသာ သူရဲ့ပုံမှန်ခြေစွမ်းတွေကို ပြန်လည်ပြသနိုင်မယ်ဆိုရင် ကော်တင်ဟိုအနေနဲ့ ပရီးမီးယားလိဂ်မှာ အချိန်အတန်ကြာ ကစားခွင့်ရမှာ သေချာနေပါတယ်။

Photo Credit : Marca

ဒီလို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ကော်တင်ဟိုဟာ လက်ရှိမှာ ဗီလာအသင်းနဲ့ ဆေးစစ်မှုတွေလည်း အောင်မြင်သွားခဲ့ပြီဖြစ်သလို အပြောင်းအရွှေ့ကို လုံးဝအပြီးသတ်နိုင်ဖို့အတွက် လိုအပ်တဲ့ စာရွှက်စာတမ်းကိစ္စများ ဆောင်ရွှက်နေပြီး မနက်ဖြန်မှာပဲ ဗီလာအသင်းသားတွေနဲ့အတူ စတင်ပူးပေါင်းနိုင်ဖွယ်ပါ ရှိလို့နေပါတယ်။ တကယ်လို့ ဒီလို ပူးပေါင်းနိုင်ခဲ့မယ်ဆိုရင်တော့ ကော်တင်ဟိုအနေနဲ့ စနေနေ့ည ဗီလာပတ်ခ်ကွင်းမှာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ဝင်ရောက်ဆင်နွဲနိုင်ဖွယ် ရှိနေပါတယ်။ ဗီလာ ကစားသမားသစ် ဖြစ်လာခဲ့တဲ့ ကော်တင်ဟိုဟာ ဗီလာအသင်းမှာ သူနဲ့ တချိန်တုန်းက လီဗာပူးလ်အသင်းအတွင်း တွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း စတီဗင်ဂျရတ်နဲ့ပါ ပြန်လည်လက်တွဲရတာဖြစ်ပြီး ဗီလာနည်းပြ ဂျရတ်ရဲ့လက်အောက်မှာ ပါဝင်ကစားရတော့မှာ ဖြစ်ပါတယ်။ ဂျရတ်ကတော့ သူရဲ့ဗီလာအသင်းအတွက် ကော်တင်ဟိုအပြီး ဘယ်ခြမ်းခံစစ် နေရာအတွက် အဲဗာတန်အသင်းရဲ့ ဘယ်နောက်ခံလူ ဒစ်ဂ်နေးကိုပါ ထပ်မံခေါ်ယူဖွယ် ရှိနေပါတယ်။