စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဘယ်လ်ဂျီယံ အသင်းတို့ရဲ့ အဓိက ဂိုးသမား ဖြစ်သူ ကော်တိုရစ်ကတော့ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ် အသင်းမှာ အင်အားအပြည့်ရှိကြောင်း ကြုံးဝါး ပြောဆို သွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ မနက်ဖြန် ည ၁၁နာရီ ၂၅မိနစ် အချိန်မှာ ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဖွင့် ပွဲစဉ် အဖြစ် အိမ်ကွင်း ဘာနေဗျူးမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်မှာ ရလဒ်ကောင်း ရရှိဖို့ ရေပန်းစား နေသလို ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာလည်း ပါဝင် နေပါတယ်။

Photo Credit: AS English

ရီးရဲလ်မက်ဒရစ် အသင်းဟာ ချန််ပီယံလိဂ်ပြိုင်ပွဲကို အကြိမ်ရေ အများဆုံး ဗိုလ်စွဲထားတဲ့ အသင်းဖြစ်သလို ၂၀၁၆ ၊ ၂၀၁၇ ၊ ၂၀၁၈ ဘောလုံးရာသီ သုံးခုဆက်တိုက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်သူ ရိုနယ်ဒို ထွက်ခွာသွားပြီး နောက်ပိုင်းမှာ ရီးရဲလ်မက်ဒရစ်အသင်း ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်ကိုတောင် တက်လှမ်းနိုင်ခဲ့ခြင်း မရှိတော့ပါဘူး။ ဒါ့ကြောင့်ပဲ ဘောလုံးပရိသတ် အများစုဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်မှာ ကြီးစိုးမှုတွေဟာ ရပ်တန့်သွားပြီလို့ ဝေဖန် နေကြပြီး လက်ရှိမှာတော့ ကော်တိုရစ်က ဝေဖန်သူတွေကို တုံပြန်သွားခဲ့ပြီး သူတို့အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဗိုလ်စွဲနိုင်တဲ့ အရည်အချင်းတွေ ရှိကြောင်း ကြုံးဝါး သွားခဲ့ပါတယ်။

Photo Credit: AS English

ရီးရဲလ်မက်ဒရစ် အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဗိုလ်စွဲနိုင်တဲ့ အရည်အချင်း အပြည့်ရှိကြောင်းကို ကော်တိုရစ်က “ချန်ပီယံလိဂ် ပြိုင်ပွဲဟာ ကျွန်တော်တို့အတွက် အရမ်းကို အရေးကြီးပါတယ်။ အဲ့ဒီ ပြိုင်ပွဲက အရမ်းကို ထူးခြားတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ ချန်ပီယံလိဂ် ဆုဖလားကို ရရှိတာဟာလည်း အရမ်းကောင်းပါတယ်။ ကျွန်တော်ကတော့ အသင်းကို အပြည့်အဝ ယုံကြည်ထားပြီး ကျွန်တော်တို့တွေ ချန်ပီယံလိဂ် ဖလားကို ရယူနိုင်လိမ့်မယ် လို့လည်း ထင်ပါတယ်။ မက်ဒရစ်လိုမျိုး အသင်းဟာ အမြဲတမ်းလိုလို ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းဖြစ်ပြီး ကျွန်တော်တို့မှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ အင်အားရှိပါတယ်” ဆိုပြီး ပြောကြား သွားခဲ့တာပါ။