စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ကော်တွိုက်စ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ သူတို့အသင်းက ပြိုင်ဘက် ချယ်လ်ဆီးကို ၄ဂိုးပြတ်လောက်နဲ့ အနိုင်ရခဲ့သင့်ကြောင်း ရီးရဲလ်မက်ဒရစ် ၂-၀ ချယ်လ်ဆီး ပွဲစဉ်အပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ချန်ပီယံဟောင်း ချယ်လ်ဆီးနဲ့ တွေ့ဆုံနေခဲ့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးတို့ နှစ်သင်းစလုံးက ဘယ်လိုပဲ ခြေစွမ်းတွေ ဆိုးရွားနေပါစေ ချန်ပီယံလိဂ်ပြိုင်ပွဲ ရောက်ရင် ခြေစွမ်းကောင်းတွေ ပြသလေ့ ရှိတာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်မှာ ဘယ်အသင်းက အသာစီး ရသွားမလဲ ဆိုတာဟာ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။

Photo Credit: Chelsea

ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်ကို ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပေမယ့် အိမ်ရှင် ရီးရဲလ်မက်ဒရစ်က ဧည့်သည် ချယ်လ်ဆီးကို ပွဲစပွဲဆုံး စိတ်ဓာတ်အသာ ၊ ခြေစွမ်းအသာနဲ့ ဖိကစားနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးကတော့ အဝေးကွင်းမှာ ခံစစ်ကို လုံအောင် ဆော့ပြီး တန်ပြန်တိုက်စစ်နဲ့ သွင်းဂိုးတွေ ရယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ဖိအားပေးမှုတွေကို ကြာကြာ တောင့်မခံနိုင်ခဲ့ပဲ ပွဲချိန် ၂၁မိနစ်မှာပဲ ဘန်ဇီမာက ရီးရဲလ်မက်ဒရစ် အတွက် အဖွင့်ဂိုးကို သွင်းပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲချိန် ၅၉မိနစ်မှာ ရိုဒရီဂိုအပေါ် ကစားပုံ ကြမ်းခဲ့တဲ့ ချယ်လ်ဆီး ဘယ်နောက်ခံလူ ဘန်ချီဝဲလ် တယောက် တိုက်ရိုက် အနီထိခဲ့ပြီး ပွဲချိန် ၇၄မိနစ်မှာတော့ လူစားဝင် ကစားသမား အဆန်စီယိုက ရီးရဲလ်မက်ဒရစ် အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Keep Up

ရီးရဲလ်မက်ဒရစ်က ပထမအကျော့မှာ ချယ်လ်ဆီးကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် နောက်တဆင့် တက်ဖို့ အတွက် ရာခိုင်နှုန်း များနေပေမယ့် ချယ်လ်ဆီးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ကော်တွိုက်စ်ကတော့ သူတို့အသင်းဟာ ချယ်လ်ဆီးကို ၄ဂိုးပြတ်လောက်နဲ့ အနိုင်ရခဲ့သင့်ပြီး ၂ဂိုးသာ ပြတ်သေးတာကြောင့် ဒုတိယအကျော့မှာ ချယ်လ်ဆီးကို သတိထားကာ ကစားဖို့ လိုအပ်သေးကြောင်း ဆိုလာပါတယ်။

ကော်တွိုက်စ်က – “ရှုံးထွက်ပွဲတွေကို ကစားပြီ ဆိုရင် ခင်ဗျားက ဒီပွဲမှာ ရလာတဲ့ အခွင့်အရေးတွေကို အပိုင် အသုံးချပြီး နောက်တဆင့် တက်ဖို့ သေချာအောင် လုပ်လိုက်သင့်တယ် ၊ ဒုတိယအကျော့မှာ ပြိုင်ဘက်ကို မျှော်လင့်ချက် မရှိအောင် လုပ်လိုက်သင့်တယ် ဆိုတဲ့ အတွေးမျိုးတွေ အမြဲတမ်း ဝင်နေပါလိမ့်မယ်။ ချယ်လ်ဆီးက ကျွန်တော်တို့ကို ဂိုးသွင်းယူနိုင်ဖို့ နီးစပ်ခဲ့တာကို ငြင်းလို့ မရပါဘူး။ ဒါပေမယ့် အဆုံးသတ်မှာ ကျွန်တော်တို့က ရလဒ်ကောင်း တခုကို ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ချယ်လ်ဆီးကို ၃ဂိုးပြတ် ၊ ၄ဂိုးပြတ်နဲ့ အနိုင်မရခဲ့လို့ ဒုတိယအကျော့ အတွက် စိုးရိမ်နေရပါသေးတယ်။ ကျွန်တော်တို့က ၄ဂိုးလောက် သွင်းနိုင်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့တွေ နောက်တပတ်မှာ ကစားရမယ့် ဒုတိယအကျော့ ပွဲမှာ နောင်တတွေ မရသွားဖို့ပဲ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။