စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နံပါတ်တစ် ဂိုးသမား ကော်တိုရစ် ကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေ အဖြစ် သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးနဲ့ ရင်ဆိုင် ကစားရမယ့် ပွဲတွေကို ကစားဖို့ မစောင့်နိုင်တော့ဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ဂိုးသမား ကော်တိုရစ်ဟာ ချယ်လ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့လာတဲ့ ဂိုးသမား တဦး ဖြစ်ပြီး ချယ်လ်ဆီးကနေ ထွက်ခွာချိန်မှာ သူ ပြောခဲ့တဲ့ စကားတချို့ကြောင့် အသင်းဟောင်းရဲ့ ပရိသတ်တွေနဲ့ ယခုအချိန်အထိ ဆက်ဆံရေး အဆင်မပြေသေးပါဘူး။

Photo Credit: Marca

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးတို့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ကြတာကြောင့်ပဲ ယခုတကြိမ် ချယ်လ်ဆီးနဲ့ ပြန်လည် ရင်ဆိုင်ရမှာက ကော်တိုရစ် အတွက် ဒုတိယအကြိမ်ပဲ ဖြစ်ပါတယ်။

ကော်တိုရစ်ကတော့ ယခုတကြိမ် ချယ်လ်ဆီးနဲ့ လာရောက် တွေ့ဆုံနေချိန်မှာ ပြီးခဲ့တဲ့နှစ်က ရှုံးကြွေးကို ပြန်ဆပ်ဖို့ ဆုံးဖြတ်ထားသလို ချယ်လ်ဆီးနဲ့ ရင်ဆိုင် ကစားဖို့ မစောင့်နိုင်တော့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

ကော်တိုရစ်က – “ဒီပွဲက ထူးခြားတဲ့ ပွဲတပွဲပါ။ ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့က ဆီမီးဖိုင်နယ်အဆင့်မှာပဲ ရှုံးနိမ့်ခဲ့ရတယ်။ ဒါကြောင့် ဒီနှစ်တော့ နိုင်ပွဲက ကျွန်တော်တို့ အတွက် ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီနှစ်က ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ကြည့်ရင် ကွဲပြားပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီနှစ်မှာ ကွင်းထဲကို ပရိသတ်တွေ ဝင်ပြီး ကြည့်နိုင်မယ်လေ။ ကျွန်တော့်အတွက် ချယ်လ်ဆီးနဲ့ ရင်ဆိုင် ကစားရမယ့် ပွဲစဉ်တွေက ထူးခြားတဲ့ ပွဲစဉ်တွေပါပဲ။ ပရိသတ်တချို့က ကျွန်တော့်ကို လှောင်ပြောင်မှုတွေ လုပ်ခဲ့တယ် ဆိုရင်တောင်ပေါ့။ ကျွန်တော်ကတော့ လူတွေဟာ ကျွန်တော်နဲ့ ချယ်လ်ဆီးရဲ့ ကြားမှာ ရှိခဲ့တဲ့ လှပတဲ့ အခိုက်အတန့်တွေကို အမှတ်ရနေဖို့ပဲ မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။