ရီးရဲလ်မက်ဒရစ်အသင်းမှာ နေရာမရနိုင်တော့လို့ ဂါရတ်ဘေးလ်က လက်ရှိမှာ သူရဲ့အသင်းဟောင်းဖြစ်တဲ့ စပါးအသင်းမှာ တစ်ရာသီအငှားနဲ့ ပြန်လည်ပြောင်းရွှေ့နေပြီဖြစ်ပြီး ဒီတစ်ပတ်မှာ ကျင်းပသွားမယ့် ဝက်စ်ဟမ်းအသင်းနဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ပါဝင်ကစားတော့မှာဖြစ်ပါတယ်။ အခုလို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တကျော့ပြန်ရောက်ရှိသွားတဲ့ ဘေးလ်ကို ရီးရဲလ်အသင်းဖော်ဟောင်း ဂိုးသမားကော်တွိုက်စ်က ဆုတောင်းစကားပြောဆိုခဲ့ပေမယ့် ဘေးလ်က အခုလက်ရှိ လန်ဒန်မြို့ရဲ့ အကောင်းဆုံးအသင်းမှာ ရှိနေတာမဟုတ်ဘူးလို့ နောက်ပြောင်ကျီစယ်လိုက်ပါသေးတယ်။

Photo Credit : Getty Image

အသက်(၃၁)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဘေးလ်ဟာ ရီးရဲလ်အသင်းမှာ (၇)နှစ်အထိ ပါဝင်ကစားခဲ့သူဖြစ်ပေမယ့် လက်ရှိအသင်းနည်းပြဇီဒန်းနဲ့ ဆက်ဆံရေးပိုင်း အဆင်မပြေနေခဲ့တာကြောင့် ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ အသင်းဟောင်းစပါးဆီကို အငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။ ဘေးလ်ဟာ စပါးအသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့ပေမယ့် သူရဲ့ဒဏ်ရာက အရှင်းမပျောက်ကင်းသေးတာကြောင့် ပွဲတချို့ကို လွဲချော်ထားခဲ့ရကာ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှသယ ပြန်လည်ပါဝင်ဖွယ် ရှိနေပါတယ်။

Photo Credit :Metro

စပါးအသင်းဆီ ပြန်လည်ပြောင်းရွှေ့သွားတဲ့ အသင်းဖော်ဟောင်းဘေးလ်နဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တွိုက်စ်က “နည်းပြကြီးနဲ့ ဘေးလ်တို့ ဘာတွေဆွေးနွေးပြောဆိုကြလဲဆိုတာကတော့ သူတို့ရဲ့Personl ကိစ္စတွေပါ။ ဘေးလ်ဘက်ကနေ ဘာတွေကို တွေးတောခဲ့သလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ ဆုံးဖြတ်ချက်တစ်ခုစီတော့ ချမှတ်လိုက်ကြတယ်။ ကျွန်တော်နဲ့ ဘေးလ်က ဆက်ဆံရေးကောင်းတွေ ရှိနေကြပါတယ်။ သူ့အတွက် ကံကောင်းတဲ့ ဘောလုံးရာသီတစ်ခုကို ရရှိပါစေလို့လည်း ကျွန်တော်ဆန္ဒပြုပါတယ်။ လန်ဒန်ရဲ့အသင်းကောင်းတစ်သင်းမှာ သူကစားနေရတာမဟုတ်ပေမယ်လည်း သူ့အတွက် ကံကောင်းတဲ့နှစ်တစ်နှစ်ဖြစ်ဖို့ ဆုတောင်းပေးပါတယ်။ သူက တကယ့်ကို ကစားသမားကောင်းတစ်ယောက်ပါ” လို့ အရွှန်းဖောက်ပြောဆိုသွားခဲ့ပါတယ်။ အခုလို အသင်းဟောင်းကို ဘေးလ်ပြန်လည်ရောက်လာတာနဲ့ပတ်သက်ပြီး ဘေးလ်နဲ့ စပါးအသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်ကလည်း အသင်းအတွက် အကျိုးရှိလှတဲ့ ကစားသမားအပြောင်းအရွှေ့ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ပြောဆိုလာခဲ့ပါတယ်။