ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂိုးသမားဖြစ်သူ တီဘော့ကော်တွိုက်စ်က လွန်ခဲ့တဲ့(၆)နှစ်ခန့်လောက်က ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်ဆိုပြီး ဘာစီလိုနာအသင်းရဲ့ ဒါရိုက်တာဟောင်း ဂျာဗီးယားဘောဒက်စ်ရဲ့ ပြောဆိုမှုကို ငြင်းဆန်ပယ်ချသွားခဲ့ကာ သူအနေနဲ့ အဲ့ဒီအချိန်တုန်းက အငှားနဲ့ သွားရောက်ကစားနေရတဲ့ အသက်လက်တီကိုအသင်းအပေါ်မှာပဲ အာရုံစိုက်ထားသလို အသင်းပြောင်းဖို့ထက်လည်း ချယ်လ်ဆီးအသင်းမှာ ပြန်ကစားဖို့ကိုသာ စိတ်ဝင်စားခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် ဂိုးသမားဖြစ်တဲ့ ကော်တွိုက်စ်ဟာ ၂၀၁၈ခုနှစ်ကမှ ချယ်လ်ဆီးကနေ ရီးရဲလ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းရဲ့အဓိကဂိုးသမားအဖြစ် ရပ်တည်နေခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းရဲ့ ဒါရိုက်တာဟောင်းဖြစ်သူဘောဒက်စ်က လွန်ခဲ့တဲ့ ၂၀၁၄ခုနှစ်တုန်းက ဘာစီလိုနာဆီကို ကော်တွိုက်စ်ရောက်ရှိလာဖို့ အတော်လေးကို နီးစပ်ခဲ့ပြီး သဘောတူညီမှုလည်း ရယူနိုင်ခဲ့သေးတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဒီလိုပြောဆိုလာမှုတွေကိုတော့ ကော်တွိုက်စ်က လုံးဝလက်ခံသွားခြင်းမရှိပဲ သူအနေနဲ့ ဘာစီလိုနာနဲ့ ဘာသဘောတူညီချက်မှ မရဖူးဘူးလို့ ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit : Marca

ကော်တွိုက်စ်က “ကျွန်တော် ဘာစီလိုနာနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်ဆိုတာက လုံးဝမမှန်ကန်ပါဘူး။ အဲ့ဒီတုန်းက ကျွန်တော်က ချယ်လ်ဆီးကစားသမားဖြစ်ပြီးတော့ အသက်လက်တီကိုအသင်းမှာ အငှားနဲ့ သွားရောက်ကစားနေတာပါ။ နောက်ပြီး အဲ့ဒီကတည်းက ကျွန်တော်က ချယ်လ်ဆီးမှာ ပြန်ကစားချင်နေတာပါ။ ပြန်ကစားနိုင်လိမ့်မယ်လို့လည်း ယုံကြည်နေတာ။ ဘာလို့ ဒီလိုတွေ ပြောဆိုလာရတာလဲဆိုတာကိုတော့ ကျွန်တော်နားမလည်နိုင်ဘူး။ ဒါပေမယ့် ဒါက တကယ်အမှန်တရား မဟုတ်ဘူးဆိုတာတော့ ကျွန်တော်ပြောထားချင်ပါတယ်။ လူတိုင်းကလည်း သိကြပါတယ်။ ကျွန်တော်က ရီးရဲလ်မက်ဒရစ်အသင်းမှာ ပါဝင်ကစားဖို့ကိုပဲ အိမ်မက်မက်ခဲ့တယ်ဆိုတာကို” ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ဘာဒက်စ်ကတော့ သူအနေနဲ့ အဲ့ဒီအချိန်ကတည်းက ကော်တွိုက်စ်ကို ခေါ်ယူဖို့အတွက် အသင်းကို တိုက်တွန်းခဲ့တာဖြစ်ကြောင်း အသင်းကတော့ သူရဲ့တိုက်တွန်းချက်ထက် ဂျာမန်ဂိုးသမား တာစတီဂန်ကိုပဲ ခေါ်ယူသွားဖို့ ဆုံးဖြတ်ခဲ့တာလို့ Mundo Deportivo သတင်းမီဒီယာနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုသွားခဲ့ပါတယ်။ ကော်တွိုက်စ်က သူရဲ့ Idol အဖြစ်ဆုံး ဂိုးသမားက ဗန်ဒါဆားနဲ့ ကာစီးလက်စ်တို့သာဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။