MySport Myanmar

ဘန်ဇီမာက လီဝမ်ဒေါစကီးထက် ပိုကောင်းတဲ့ တိုက်စစ်မှူးပါလို့ ကော်တိုရစ် ချီးကျူး

စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ဂိုးသမား ဖြစ်သူ ကော်တိုရစ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ် သွင်းယူကာ အသင်းကို နောက်တဆင့်ဆီ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဘန်ဇီမာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရတဲ့ လီဝမ်ဒေါစကီးထက်တောင် ပိုကောင်းတဲ့ တိုက်စစ်မှူးပါလို့ ချီးကျူးသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီနဲ့ ထိပ်တိုက် တွေ့ဆုံနေခဲ့သလို ပထမအကျော့ အဖြစ် ပီအက်စ်ဂျီကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာမှာလည်း ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒုတိယအကျော့မှာ ပီအက်စ်ဂျီကို ၂ဂိုးပြတ် နိုင်မှသာ နောက်တဆင့်ကို တက်ရောက်နိုင်မယ့် အခြေအနေကို ပိုင်ဆိုင်ခဲ့တာပါ။

Photo Credit: RMC Sports

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ပီအက်စ်ဂျီကို ပထမပိုင်း ပြီးချိန်မှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်နေခဲ့ပြီး အားလုံးက ပီအက်စ်ဂျီကသာ နောက်တဆင့်ဆီ တက်လှမ်းနိုင်တော့မယ် လို့ ထင်မှတ်နေချိန်မှာပဲ ရီးရဲလ်မက်ဒရစ်က သူတို့ဟာ ဘာကြောင့် ချန်ပီယံလိဂ်ဘုရင် ဆိုတဲ့ ဘွဲ့ထူးကို ရထားလဲ ဆိုတာ ဒုတိယပိုင်းမှာပဲ နောက်တဆင့် တက်ဖို့ လိုအပ်နေတဲ့ သွင်းဂိုး ၃ဂိုး အထိ သွင်းယူကာ သက်သေပြခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အတွက် အနိုင်ဂိုး ၃ဂိုးစလုံးကို အသင်းခေါင်းဆောင် တိုက်စစ်မှူး ဘန်ဇီမာက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ပွဲပြီးဆုံးချိန်မှာတော့ ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တိုရစ်က သူတို့အသင်းရဲ့ သူရဲကောင်း ဖြစ်ခဲ့တဲ့ ဘန်ဇီမာဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါလို့ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: RMC Sports

ကော်တိုရစ်က – “ကာရင် ဘန်ဇီမာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး နံပါတ်၉ တိုက်စစ်မှူးပါ။ လီဝမ်ဒေါစကီးကလည်း မနေ့ကပဲ သွင်းဂိုး ၃ဂိုး အထိ သွင်းနိုင်ခဲ့တယ် ဆိုပေမယ့် သူ့ရဲ့ သွင်းဂိုး ၂ဂိုးကို ပင်နယ်တီတွေ ကနေ ရခဲ့တာပါ။ ဒီနေ့မှာတော့ ဘန်ဇီမာက သူဟာ ဘာကြောင့် ရွှေဘောလုံးဆု အတွက် ရေပန်းစားတဲ့ စာရင်းထဲမှာ အဆင့်မြင့်တက်လာသင့်လဲ ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ကာရင်က ဒဏ်ရာရနေရင်တောင် အသင်းအတွက် အမြဲတမ်း ပြေးလွှားပေး ၊ တိုက်ပွဲဝင် ပေးတတ်တဲ့ သူရဲကောင်းပါ” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version