ဘယ်လ်ဂျီယံအသင်းနဲ့ စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ သီဘော့စ် ကော်တွိုက်စ်ကတော့ လာမယ့် တနင်္လာနေ့မနက် ၁နာရီခွဲအချိန်မှာ ယှဉ်ပြိုင် ကစားရမယ့် ပေါ်တူဂီအသင်းနဲ့ ပွဲစဉ်မှာ သူတို့အသင်းအနေနဲ့ လိုချင်တဲ့ ရလဒ်တခုကို ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုသွားပါတယ်။

လက်ရှိ ကမ္ဘာ့နံပါတ် ၁ နိုင်ငံအသင်း အဖြစ် ရပ်တည်နေတဲ့ ဘယ်လ်ဂျီယံအသင်းဟာ ယူရို၂၀၂၀ပြိုင်ပွဲကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်း ၃သင်းထဲက တသင်း ဖြစ်ပြီး ၁၆သင်းအဆင့် မှာတော့ လက်ရှိ ယူရိုချန်ပီယံ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ကာ အဆိုပါပွဲစဉ်ဟာ သူတို့အသင်း အနေနဲ့ ချန်ပီယံအသင်း ဖြစ်လာဖို့ ကောင်းမွန်တဲ့ ခြေစွမ်းပိုင်း ၊ ကြံ့ခိုင်တဲ့ စိတ်ဓာတ်ပိုင်းတို့ ရှိ ၊ မရှိ ဆိုတာကို စမ်းသပ်မယ့် အရေးပါတဲ့ ပွဲစဉ် တပွဲလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဘယ်လ်ဂျီယံအသင်းဟာ လက်ရှိမှာ ဂိုးသွင်းခြေ တွေ့နေတဲ့ အဓိက တိုက်စစ်မှူး လူကာကူ ၊ အသင်းရဲ့ ထောက်တိုင်အဖြစ် ခြေစွမ်းပြထားနိုင်တဲ့ ဒီဘရိုင်း ၊ ပုံမှန် လက်စွမ်းကောင်း တရပ်ကို ပိုင်ဆိုင်ထားတဲ့ ကော်တွိုက်စ်တို့ကို ပိုင်ဆိုင်ထားတာကြောင့် ပေါ်တူဂီအသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရဖို့ ရေပန်းစားနေပေမယ့် ယခု ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်တဲ့ ရိုနယ်ဒိုကို ထိန်းချုပ်နိုင်မှသာ ပေါ်တူဂီအသင်းကို အနိုင်ရဖို့ မျှော်လင့်နိုင်မှာ ဖြစ်ကြောင်း ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

ကော်တွိုက်စ်ကတော့ ရိုနယ်ဒိုဟာ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် ပေါ်တူဂီအသင်းဟာ တဦးကောင်း အသင်းတသင်း မဟုတ်တာကြောင့် သူတို့အနေနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အကောင်းဆုံး ကြိုးစားရန် လိုအပ်ကြောင်းနဲ့ ရိုနယ်ဒိုဟာ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေပေမယ့် သူ့အနေနဲ့ ရိုနယ်ဒိုကို တားဆီးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ဆိုလာပါတယ်။

Photo Credit: Mirror

ရိုနယ်ဒိုနဲ့ ပတ်သတ်ပြီး ကော်တွိုက်စ်က – “ကျွန်တော်တို့မှာ ပေါ်တူဂီအသင်းကို တားဆီးဖို့ အတွက် အစီအစဉ်တွေ ရှိပါတယ်။ ကစားသမား တဦးထဲကို ဦးတည်ပြီး တားဆီးမှာ မဟုတ်ပါဘူး။ ရိုနယ်ဒိုဟာ ထိပ်တန်း တိုက်စစ်မှူးကောင်း တဦးပါ။ လက်ရှိ ယူရိုပြိုင်ပွဲရဲ့ သွင်းဂိုး အများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူက ကျွန်တော် အက်သလက်တီကို မက်ဒရစ်အသင်းမှာ ကစားခဲ့တုန်းက ပုံစံအတိုင်းပဲ ရှိနေသေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်ကတော့ အများကြီး တိုးတက်လာပါတယ်” လို့ ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကရော ဘယ်လ်ဂျီယံအသင်းနဲ့ ကော်တွိုက်စ်တို့ ဂိုးသွင်းအားကောင်းတဲ့ ရိုနယ်ဒိုကို တားဆီးနိုင်မယ်လို့ ထင်ကြလားဗျ…။