MySport Myanmar

အာဆင်နယ်ရဲ့ set-pieces အန္တရာယ်ကို စိုးရိမ်ကြောင်း ကော်တိုအာ ဝန်ခံ

ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဂိုးသမား သီဘော ကော်တိုအာက အင်္ဂါနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အာဆင်နယ်အသင်းရဲ့ set-pieces တွေကနေတစ်ဆင့် အန္တရာယ်ပေးနိုင်မှုကို သိရှိထားပြီးဖြစ်ကြောင်းနဲ့ ဒါတွေအတွက်ကိုလည်း ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ အာဆင်နယ်အသင်းနဲ့ ရင်မဆိုင်ခင် လာလီဂါပွဲစဉ်မှာ ဗလင်စီယာအသင်းကို (၁)ဂိုး (၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရသလို အဲ့ဒီပွဲစဉ်မှာလည်း ရီးယဲလ်က ဒီရာသီရဲ့ (၁၀)ကြိမ်မြောက်အဖြစ် ထောင့်ကန်ဘောကနေ ဂိုးပေးခဲ့ရပါတယ်။

Photo Credit : Premier League

မက်ဒရစ် အခြေစိုက်အသင်းရဲ့ ခံစစ်ပိုင်းဟာ set-pieces တွေ ရှင်းလင်းရမှာ အားနည်းချက်တွေ ရှိနေသလို အခု သူတို့ ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းကလည်း set-pieces တွေကနေ ဂိုးသွင်းယူရာမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် ဂိုးသမား ကော်တိုအာကတော့ သူတို့အနေနဲ့ အဲ့ဒီအန္တရာယ်ကို ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်မှုရှိပါတယ်။

“ကျွန်တော်တို့ အဲ့ဒါကို ပြင်ဆင်ထားပြီးသားပါ။ သူတို့ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်” လို့ ကော်တိုအာက သတင်းထောက်တွေကို ပြောပါတယ်။ “ပထမဆုံးအနေနဲ့ ကော်နာဘောတွေ အများကြီး မပေးရဖို့ အရေးကြီးပါတယ်။ ဒါက အာရုံစူးစိုက်မှု အသင့်အနေအထားရှိမှုနဲ့လည်း သက်ဆိုင်ပါတယ်။ တခါတလေ ပြိုင်ဘက်ရဲ့ အရည်အသွေးကလည်း အရေးပါတယ်။ ဘောလုံးကွက်တိရောက်လာရင် ကာကွယ်ရခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဆင်သင့်ပါပဲ။ ကျွန်တော်တို့ ပြင်ဆင်ထားတာတွေ အလုပ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။”

Photo Credit : Goal

သူက ဆက်လက်ပြီး ” ကျွန်တော်တို့ အာဆင်နယ်အသင်းကို အများကြီး လေးစားပါတယ်။ ကျွန်တော့်မှာ အာဆင်နယ်ပရိသတ် သူငယ်ချင်းတွေ အများကြီးရှိပါတယ်။ သူတို့ ပရီးမီးယားလိဂ်မှာ ဘယ်လောက်ကောင်းကောင်း ကစားနေလဲဆိုတာ ကျွန်တော် သိပါတယ်။ သူတို့က လူငယ်အသင်း ခံစစ်ကလည်း တောင့်တင်းတယ်၊ Counter Attack နဲ့ Set Piece တွေမှာလည်း အားကောင်းတယ်။” လို့ ပြောပါတယ်။

မက်ဒရစ်အသင်းဟာ လာလီဂါမှာ ဘာစီလိုနာကို (၄)မှတ်အကွာအဝေးနဲ့ နောက်ကျ ကျန်နေခဲ့ပေမယ့် ကာလို အန်ဆယ်လော့တီရဲ့အသင်းဟာ လန်ဒန်မှာ အင်္ဂါနေ့မှာ ယှဉ်ပြိုင်ကစားမယ့်ပွဲကို မသွားခင် ဒီရာသီမှာ ဆုဖလားသုံးလုံးကို ရယူဖို့ ရည်မှန်းထားဆဲဖြစ်ပါတယ်။

Exit mobile version