အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက်ပိုင်းကတည်းက အသင်းလက်မဲ့ ဖြစ်နေရတဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဒီယေဂိုကော်စတာကို ခေါ်ယူသွားဖို့အတွက် တူရကီနာမည်ကျော် ကလပ်အသင်းကြီးတစ်သင်းဖြစ်တဲ့ ဘက်ရှီးတပ်စ်အသင်းကနေ ကော်စတာအတွက် တစ်နှစ်လုပ်ခ ပေါင်(၁.၃)သန်းအပြင် အပိုုဆုကြေးများစွာနဲ့ ကမ်းလှမ်းမှုတစ်ရပ်ကို လုပ်ဆောင်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Explica

အသက်(၃၂)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဟောင်း တိုက်စစ်မှူးကြီး ဒီယေဂိုကော်စတာဟာ ဒဏ်ရာပြသာနာများနဲ့ ခြေစွမ်းပိုင်း ကျဆင်းမှုတွေကြောင့် အသက်လက်တီကိုအသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီး လက်ရှိအချိန်ထိကို အသင်းလက်မဲ့ ဖြစ်နေရတာဖြစ်ပါတယ်။ ကော်စတာဟာ အသက်လက်တီကို ချယ်လ်ဆီးတို့လို ထိပ်တန်းကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ထိပ်တန်းတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ပြီး ယူရိုပါလိဂ် ဥရောပစူပါဖလား လာလီဂါနဲ့ ပရီးမီးယားလိဂ်တို့လို အဓိကဆုဖလားများစွာကို ပိုင်ဆိုင်နိုင်ခဲဖူးတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Photo Credit : Qlur

ဒီလို အတွေ့အကြုံရှိ တိုက်စစ်ကစားသမားကြီး ကော်စတာကို အသင်းပေါင်းများစွာကနေ ခေါ်ယူချင်နေကြပြီး ကမ်းလှမ်းချက်တွေလည်း လုပ်ဆောင်ထားကြသလုုိ တူရကီကလပ် ဘက်ရှီးတပ်စ်အသင်းဟာလည်း ကော်စတာကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ ပါဝင်လို့နေပါတယ်။ ဘက်ရှီးတပ်စ်အသင်းဟာ ကော်စတာအတွက် အပိုဆုကြေးတွေ အပါအဝင် တစ်နှစ်လုပ်ခလစာ ပေါင်(၂.၁၅)သန်း တစ်ပတ်လုပ်ခ ပေါင်(၄၀၀၀၀)ဝန်းကျင်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ပြီး ကော်စတာရဲ့အေးဂျင့်နဲ့လည်း အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကော်စတာဟာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကပဲ ပေါ်တူဂီ နာမည်ကျော်ကလပ် ဘင်ဖီကာအသင်းကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်ခဲ့ပေမယ့်လည်း အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့တာကြောင့် အခုလို ဘက်ရှီးတပ်စ်အသင်းနဲ့ ထပ်မံဆွေးနွေးလာခဲ့တာဖြစ်ပါတယ်။ အခုလို အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ ကော်စတာကို ဥရောပက ကလပ်အသင်းတွေအပြင် ဘရာဇီးက ထိပ်တန်းကလပ်အသင်းတချို့ကပါ စိတ်ဝင်စားနေကြပေမယ့် ဥရောပမှာသာ ဘောလုံးသမားဘဝကို ဆက်လက်ကျင်လည်ချင်နေသေးတဲ့ ကော်စတာကတော့ ဥရောပရဲ့ နာမည်ရှိ ကလပ်အသင်းတစ်သင်းကိုသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားဖွယ် ရှိနေပါတယ်။