စပိန်လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဒီယေဂို ကော်စတာဟာ အက်သလက်တီကို မက်ဒရစ် အသင်းကနေ ထွက်ခွာခွင့် တောင်းခံလိုက်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၃၂နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘရာဇီးလ်လူမျိုး တိုက်စစ်မှူး ကော်စတာဟာ အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ၆လကျော်သာ ကျန်ရှိတော့တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အက်သလက်တီကို မက်ဒရစ် အသင်းဟာ ကော်စတာကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစား နေပေမယ့် ကော်စတာကတော့ ပုံမှန် နေရာရဖွယ် မရှိတဲ့ အက်သလက်တီကို အသင်းကနေ ထွက်ခွာချင် နေပါတယ်။

Photo Credit: TeamTalk

ကော်စတာဟာ အက်သလက်တီကို မက်ဒရစ် အသင်းကနေ ဥရောပ ဘောလုံးစင်မြင့်ပေါ်မှာ နာမည် ရလာတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီရဲ့ စိတ်ကြိုက် တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာ အသင်းကနေ အက်သလက်တီကို မက်ဒရစ် အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဥရုဂေွး တိုက်စစ်မှူး ဆွာရက်ဇ်ကြောင့် ကော်စတာဟာ အသင်းရဲ့ ဦးစားပေး တိုက်စစ်မှူး နေရာကနေ အရန် တိုက်စစ်မှူး အဖြစ် ကို ရောက်ရှိသွားပြီး အဆိုပါ အခြေအနေဟာ ကော်စတာ အတွက် လက်ခံရ ခက်ခဲတာကြောင့် ကော်စတာ ဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံခဲ့တာ ဖြစ်ကြောင်း စပိန် နာမည်ကြီး သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: TeamTalk

ကော်စတာဟာ လက်ရှိ ဘောလုံးရာသီမှာ အက်သလက်တီကို မက်ဒရစ် အသင်းအတွက် လာလီဂါပွဲစဉ် ၇ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၂ဂိုး သွင်းယူ ထားနိုင်ခဲ့ပါတယ်။ ကော်စတာရဲ့ လက်ရှိ ခြေစွမ်းဟာ ထိပ်တန်းအဆင့်မှာ ရှိနေသေးတာကြောင့် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ ရှိနေပြီး ကော်စတာ ကတော့ ယခုနှစ် ဘောလုံးရာသီမှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ထက် အသင်းနဲ့ ချုပ်ဆိုထားတဲ့ လက်ကျန် စာချုပ်ကို ဖျက်သိမ်းကာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ် ထားပါတယ်။ လက်ရှိမှာတော့ ကော်စတာကို ခေါ်ယူဖို့ အတွက် အီတလီ စီးရီးအေ အင်အားကြီး အသင်းတွေ ဖြစ်တဲ့ အေစီမီလန် အသင်းနဲ့ အင်တာမီလန် အသင်းတို့က စိတ်ဝင်စား နေကြပြီး မေဂျာလိဂ် အသင်းတချို့ ကလည်း ကော်စတာကို ခေါ်ယူဖို့ ပစ်မှတ် ထားနေပါတယ်။