အက်သလက်တီကို တိုက်စစ်မှူး ဒီယာဂို ကော်စတာကတော့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယ အကျော့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းကို အနိုင်ရပြီးနောက် ကွင်းပြင်ကို ထွက်သွားတဲ့ အချိန်မှာ “ဟန်ဆောင် ချောင်းဆိုး”ပြီး ကိုရိုနာ ရောဂါကို ဟာသလုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး ကော်စတာဟာ လီဗာပူးလ်အသင်းကို (၂-၃) ရလဒ်နဲ့ အနိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲဦးထွက် ပါဝင်ကစားခဲ့ပြီး ပထမပိုင်း ပြီးတဲ့ အထိ ကစားခဲ့ရပေမဲ့ ဒုတိယပိုင်း ပြန်စလို့ မိနစ် အနည်းငယ် အကြာ (၅၆) မိနစ်မှာ အသင်းဖော် လော်ရန်တေးနဲ့ လူစားလဲခြင်း ခံခဲ့ရပါတယ်။

Photo Credit: Goal

အက်သလက်တီကိုအသင်းဟာ ပထမ အကျော့ ပွဲစဉ်မှာ ဆာအူလ်ရဲ့ သွင်းဂိုးကြောင့် နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကို (၁-ဝ) နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအကျော့ ပွဲစဉ်မှာ မိုရာတာ နဲ့ လော်ရန်တေးရဲ့ သွင်းဂိုး (၂) ဂိုးကြောင့် လီဗာပူးလ်အသင်းကို (၂-၃) နဲ့ အနိုင်ရရှိခဲ့ပါတယ်။ နည်းပြ ဆီမြွန်နီရဲ့ အက်သလက်တီကိုအသင်းဟာ လီဗာပူးလ်အသင်းကို အဝေးကွင်း ပွဲစဉ် နဲ့ အိမ်ကွင်း ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်း (၂-၄) ရလဒ်နဲ့ အနိုင်ရရှိသွားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် နောက်တစ်ဆင့် ကွာတား ဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ကော်စတာဟာ ဗုဒ္စဟူးနေ့ညက လီဗာပူးလ်အသင်းကို အနိုင်ကစားပြီးတဲ့နောက် အဝတ်အစားလဲပြီး ကွင်းပြင်ကို ထွက်သွားဖို့ လမ်းလျှောက်လာနေတဲ့ အချိန်မှာ ဟန်ဆောင် ချောင်းဆိုးပြီး ကိုရိုနာ ဗိုင်းရပ် ရောဂါကို ဟာသလုပ် လှောင်ပြောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး ကော်စတာဟာ လီဗာပူးလ်အသင်းကို အနိုင်ရရှိခဲ့တာနဲ့ ပက်သက်လို့ မှတ်ချက်ပေးဖို့ သတင်းထောက်တွေက တောင်းဆိုတဲ့ အချိန်မှာ ဘာမှ မပြောဘဲ ဟန်ဆောင် ချောင်းဆိုးပြီး ရယ်လျက် ကွင်းပြင်ကို တစ်စိုက်မတ်မတ် ဆက်လျှောက်သွားခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ကော်စတာဟာ အရင်ကတည်းက ကစားဟန် ညစ်ညမ်းတယ်လို့ ဝေဖန်ခံခဲ့ရပြီး အခုလည်း ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်ခံရတဲ့ ကိုရိုနာ ဗိုင်းရပ်ကို ဟာသလုပ်ခဲ့ပါတယ်။