လာမယ့်မေလမှာ ကျင်းပသွားဖို့ရှိနေတဲ့ ဥရောပဘောလုံးပြိုင်ပွဲကြီးများဖြစ်တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ယူရိုပါလိဂ်ဗိုလ်လုပွဲနဲ့ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲတွေကို လက်ရှိ ကမ္ဘာပေါ်မှာ ဆိုးဆိုးရွှားရွှားဖြစ်နေတဲ့ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပိုးကြောင့် ပုံမှန်ကျင်းပမယ့် အချိန်မှာမကျင်းပတော့နိုင်ပဲ ရွှေ့ဆိုင်းလိုက်ရပြီဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကနေ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး ဘယ်နေ့ဘယ်ရက်မှာ ပြန်လည်ကျင်းပမလဲဆိုတာကိုတော့ ဆက်လက်ပြီး ထုတ်ပြန်ကြေညာသွားမယ်လို့လည်း သိရှိရပါတယ်။

ဘောလုံးပရိသတ်တွေအားလုံး စောင့်ဆိုင်းနေကြတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လာမယ့် မေလ(၃၀)ရက်နေ့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Ataurk အိုလံပစ်ကွင်းနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကိုတော့ လာမယ့်မေလ(၂၇)ရက်နေ့ ပိုလန်နိုင်ငံ Gdansk မြို့ရှိ Energa Gdansk ကွင်းမှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် အခုလို ကိုရိုနာဗိုင်းရပ်စ်ပြသာနာတွေကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရတာဖြစ်ပါတယ်။ အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတော့ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ Viola Park ကွင်းမှာ လာမယ့်မေလ(၂၄)ရက်မှာ ကျင်းပဖို့ရှိနေပေမယ့် ဗိုင်းရပ်စ်ဂယက်ကြောင့်ပဲ ရွှေ့ဆိုင်းလိုက်ရတာဖြစ်ပါတယ်။

အခုလက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ပြသာနာတွေကြောင့် ဘောလုံးပွဲတွေအပါအဝင် အားကစားပြိုင်ပွဲတွေများစွာကို ယာယီရပ်နားထားရသလို ဆက်လက်ကျင်းပနေတဲ့ ပွဲစဉ်တွေကိုလည်း ကွင်းပိတ်ကျင်းပမှုအဖြစ်သာ လုပ်ဆောင်လျက်ရှိပါတယ်။ ဒီလိုအခြေအနေတွေကြောင့် UEFA ဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေရဲ့ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ပုံမှန်အတိုင်း ပထမအကျော့ ဒုတိယအကျော့ နှစ်ကျော့ခွဲကစားတော့ပဲ တစ်ကျော့တည်းသာကျင်းပနိုင်ဖွယ်ရှိတယ်လို့ BBC ကနေ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် တကယ်လို့သာ အခုလို ဗိုင်းရပ်စ်ပြသာနာတွေကြောင့် ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးကိုသာ ဆုံးခန်းတိုင်တဲ့အထိ မကျင်းပနိုင်ဘူးဆိုရင် ဥရောပထိပ်သီးအသင်းတွေအနေနဲ့ ဘတ်ဂျက်အရ ထိခိုက်မှုတွေ များစွာရှိလာနိုင်ပြီး အခြေအနေပြန်လည်တည်ငြိမ်သွားချိန်မှာလည်း ပွဲစဉ်တွေကို ဘယ်လိုပြန်လည်ရေးဆွဲမလဲဆိုတာ ခေါင်းခြောက်စေနိုင်ပါတယ်။