တရုတ်နိုင်ငံ ဝူဟန့်ပြည်နယ်ကနေ စတင်ပြီး မြစ်ဖျားခံ ပြန့်ပွားလာတာကြောင့် ဝူဟန်ဗိုင်းရပ် လို့ ကနဦးမှာ ခေါ်ဆိုကြတဲ့ ကိုရိုနာဗိုင်းရပ်စ် ဟာ အခုဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် စာရင်းဝင်သွားပြီ ဖြစ်ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHOကိုယ်တိုင်က ကိုရိုနာဗိုင်းရပ်စ်ကို လျှော့တွက်ခြင်းမပြုကြဖို့နဲ့ တင်းကြပ်တဲ့အစီအမံတွေနဲ့ ကိုရိုနာဗိုင်းရပ်ကာကွယ်ခြင်းကို လုပ်ကြရန် တိုက်တွန်းပြောဆိုခြင်းကို ခံထားရတဲ့ ရောဂါပိုး တစ်မျိုးပါ။ အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ဟာ ယခုဆိုရင် အရှေ့တောင်အာရှ နိုင်ငံအတော်များများမှာ ကူးစက်ပြန့်နှံ့နေသလို ဂျပန် ၊ တောင်ကိုရီးယား ၊ အီရန်စတဲ့ အာရှနိုင်ငံတွေအပြင် စပိန် ၊ အီတလီစတဲ့ ဥရောပနိုင်ငံတွေအထိပါ ပျံ့နှံ့နေခဲ့ပြီလည်း ဖြစ်ပါတယ်။

Photo Credit: All Football.com

ကိုရိုနာဗိုင်းရပ်စ်ပြဿနာနဲ့ပတ်သတ်ပြီး မနေ့ညက အီတလီနိုင်ငံရဲ့ ဝန်ကြီးချုပ်ကိုယ်တိုင်က အီတလီစီးရီးအေပြိုင်ပွဲ အပါအဝင် တစ်နိုင်ငံလုံးမှာ ကျင်းပပြုလုပ်နေတဲ့ အားကစားပြိုင်ပွဲတွေကို ဧပြီလ၃ရက်နေ့အထိ ရပ်ဆိုင်းထားဖို့ အမိန့်စာတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ အီတလီစီးရီးအေပြိုင်ပွဲတွေနဲ့ တစ်လနီးပါးလောက် ဝေးကွာတော့ရမှာလဲ ဖြစ်ပါတယ်။ စီးရီးအေပြိုင်ပွဲတွေကို ရပ်နားထားခဲ့ပေမယ့် ဥရောပပြိုင်ပွဲတွေဖြစ်တဲ့ UCL ၊ UEL ပွဲစဉ်တွေကိုတော့ တံခါးပိတ်ပွဲစဉ်တွေ အနေနဲ့ ဆက်လက်ယှဉ်ပြိုင်သွားကြမယ်လို့ သိရှိရပါတယ်။

Photo Credit: All Football.com

ကိုရိုနာဗိုင်းရပ်ဟာ လက်ရှိအချိန်မှာ အီတလီနိုင်ငံ တစ်နိုင်ငံလုံးကို ပျံ့နှံ့ခြင်း မရှိသေးဘူးလို့ သိထားရပေမယ့် စီးရီးအေပြိုင်ပွဲဝင် အသင်း ၂၀မှာ ၁၄သင်းအခြေစိုက်ရာ ဒေသတွေက ကိုရိုနာဗိုင်းရပ် ပျံ့နှံ့နေတဲ့ဒေသတွေ ဖြစ်တာကြောင့် စီးရီးအေပြိုင်ပွဲကို အခုလို ခေတ္တရပ်ဆိုင်းထားရတာလို့လည်း သိရပါတယ်။ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေအရ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရသူ ၉၀၀၀ကျော်ရှိပြီး သေဆုံးသူဦးရေကတော့ ၄၆၃ယောက်အထိ ရှိခဲ့တာကြောင့် ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်ဒဏ်ကို ခံစားရတဲ့ ဒုတိယမြောက် အများဆုံးနိုင်ငံဖြစ်ကြောင်းလည်း သိရပါတယ်။

Photo Credit: All Football.com

တစ်ဆက်တည်းမှာပဲ ကျွန်တော့်အနေနဲ့ စာရှုသူမိဘအပေါင်းကို ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သတ် ပြီး ပေါ့ပေါ့ဆဆ မနေကြဖို့ တိုက်တွန်းသွားလိုပါတယ်။ ကိုရိုနာဗိုင်းရပ် မကူးစက်ခံရဖို့အတွက် လူသူထူထပ်တဲ့​ နေရာတွေကို သွားလာခြင်းမှ ရှောင်ကြဉ်ကြပါ။ ဘယ်အရာကိုမဆို ထိတွေ့ပြီးပါက လက်ဆေးကြပါ။ အပြင်သွားမည်ဆိုပါက Mask(နှာခေါင်းစည်း)ကို တပ်ဆင်သွားကြပါ။ နှာခေါင်းစည်းကို တပ်ဆင်ရာမှာလည်း WHO က ညွှန်ကြားထားတဲ့ နည်းစနစ်တွေအတိုင်း တိကျသေချာစွာ တပ်ဆင်ကြပါ။ ပူပူနွေးနွေး အစားအစာများကို စားသောက်ပြီး နွေးနွေးထွေးထွေးဖြစ်အောင် နေထိုင်ကြပါ လို့ နှိုးဆော် တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ….။