တရုတ်နိုင်ငံရဲ့ ဝူဟန့်ပြည်နယ်ကနေ စတင်ပြီးတော့ မြစ်ဖျားခံ ပေါက်ဖွားလာတဲ့ ကိုရိုနာဗိုင်းရပ် ခေါ် COVAD-19 ဗိုင်းရပ်ဟာ လက်ရှိမှာတော့ ဥရောပတိုက်ဆီကို ကူးစက်နေပြီဖြစ်ကာ အီတလီနိုင်ငံနဲ့ စပိန်နိုင်ငံတွေက အဆိုးရွားဆုံး အနေအထားတစ်ရပ်မှာ ရှိနေပါတယ်။ ယခုအချိန်မှာတော့ အီတလီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရမှုမှာ အဆိုးရွားဆုံး အနေအထားတစ်ရပ်မှာ ရှိနေကာ ကျွန်တော်တို့တွေ စောင့်ကြည့်အားပေးကြတဲ့ စီးရီးအေပြိုင်ပွဲ အပါအဝင် အီတလီနိုင်ငံမှာ ကျင်းပနေတဲ့ အားကစားပြိုင်ပွဲအားလုံးကို ဧပြီလအထိ ခေတ္တ ဆိုင်းငံ့ထားပါတယ်။

Photo Credit: Express.com

လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်ဟာ ဥရောပတိုက်နဲ့ ဆက်စပ်ခြင်းမရှိတဲ့ အင်္ဂလန် ကျွန်းစုဆီကိုတောင် ကူးစက်လာနေပြီဖြစ်ကာ စိုးရိမ်ရတဲ့ အခြေအနေတစ်ရပ်မှာ ရှိနေပါတယ်။ အထူးသဖြင့် အင်္ဂလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပရိသတ်အားပေးမှု အများဆုံး ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကျင်းပနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပရိသတ်တွေဟာ တစ်ပွဲကို ပျမ်းမျှ လူ ၃၀၀၀၀ ဝန်းကျင်အထိ တက်ရောက်ကြည့်ရှုနေကြတာကြောင့် ကိုရိုနာဗိုင်းရပ်ကသာ အင်္ဂလန် နိုင်ငံမှာ ဖြစ်ပွားခဲ့ပါက တစ်နိုင်ငံလုံးဆီကို ချက်ချင်းဆိုသလို ကူးစက်သွားနိုင်ဖွယ်ရာ ရှိပါတယ်။

Photo Credit: Express.com

ဒါ့အပြင် လက်ရှိအချိန်မှာ အင်္ဂလန်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးကိုယ်တိုင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အာဆင်နယ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို လာရောက်ယှဉ်ပြိုင်ကစားသွားတဲ့ အိုလံပီယာကော့စ်အသင်းရဲ့ အသင်းပိုင်ရှင်ဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရတာကြောင့် အာဆင်နယ်အသင်းကိုပါ ကိုရိုနာဗိုင်းရပ် သံသယစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။ လက်ရှိမှာတော့ အင်္ဂလန်အစိုးရအဖွဲ့အစည်းဟာ ကိုရိုနာဗိုင်းရပ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေအတွက် အစည်းအဝေးတွေ ပြုလုပ်နေပြီး အဆိုပါနည်းလမ်းတွေထဲမှာ နာမည်ကျော် ပရီးမီးယားလိဂ်ပြိုင်ပွဲကို စီးရီးအေပြိုင်ပွဲလိုမျိုး ခေတ္တရပ်ဆိုင်းမယ့် အစီအစဉ်တွေအထိ ပါဝင် နေပါတယ်လို့ သတင်းထောက်တွေက ဖော်ပြထားကြပါတယ်။