စပိန်အင်အားကြီးအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌဟောင်းတစ်ဦးဖြစ်သူ လော်ရန်ဇိုဟာ စပိန်နိုင်ငံမှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှု လက္ခဏာတွေပြသအပြီး ဆေးရုံတင်ကာ ကုသမှုခံယူရာမှာတော့ သေဆုံးသွားခဲ့ပြီလို့ သူ့ရဲ့မိသားစုဝင်တွေဘက်ကရော ၊ ရီးရဲလ်မက်ဒရစ်အသင်းကပါ အတည်ပြု ကြေညာသွားခဲ့ပါတယ်။ အသက်၇၆နှစ်အရွယ် လော်ရန်ဇိုဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှု လက္ခဏာတွေဖြစ်တဲ့ အဖျားတက်တာတွေ ၊ ချောင်းခြောက်ဆိုးတာတွေနဲ့ အသက်ရှူကျပ်တဲ့ လက္ခဏာတွေကို ပြသခဲ့အပြီးမှာ ဆေးရုံတင်ပြီး ကုသမှုခံယူဖို့ လုပ်ခဲ့ပေမယ့် အချိန်လွန်ခဲ့ကာ သေဆုံးသွားရတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit: Marca.com

လော်ရန်ဇိုရဲ့ သားဖြစ်သူ ဖာနန်ဒိုကတော့ သူ့ရဲ့ ဖခင်ဖြစ်သူ လော်ရန်ဇိုဟာ အဖျားတက်လွန်းတာကြောင့် ဆေးရုံကို ဗုဒ္ဓဟူးနေ့မှာ စတင် တက်ရောက်ကုသခဲ့တာဖြစ်ပြီး ယမန်နေ့မှာတော့ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဖာနန်ဒိုက ” ကျွန်တော့်ရဲ့ဖခင် ဟာ သေဆုံးသွားခဲ့ပါပြီ။ သူက ဒီလိုပုံစံမျိုးနဲ့ သေဆုံးဖို့ မထိုက်တန်တဲ့သူပါ။ ကျွန်တော် မြင်ဖူးသမျှမှာ အကြင်နာဆုံး ၊ အလုပ်ကြိုးစားဆုံးနဲ့ သတ္တိအရှိဆုံး လူတစ်ဦးဟာ လူ့လောကထဲကနေ ထွက်သွားခဲ့ပါပြီ ” လို့ သူ့ရဲ့ တွစ်တာ စာမျက်နှာပေါ်ကနေတဆင့် အတည်ပြု ကြေညာသွားခဲ့တာပါ။

Photo Credit: Marca.com

လော်ရန်ဇိုရဲ့ သေဆုံးမှုနဲ့ပတ်သတ်ပြီး ရီးရဲလ် မက်ဒရစ်အသင်းကတော့ ” ရီးရဲလ်မက်ဒရစ် အသင်း ၊ အသင်းဥက္ကဌနဲ့ အသင်းရဲ့တာဝန်ရှိသူတွေ အားလုံးဟာ ၁၉၉၅ခုနှစ်ကနေ ၂၀၀၀ခုနှစ် အထိ အသင်းမှာ ဥက္ကဌရာထူးတာဝန်ယူသွားခဲ့တဲ့ ဥလော်ရန်ဇိုရဲ့ သေဆုံးမှုအတွက် ဝမ်းနည်းနေကြပါတယ်။ ကျွန်တော်တို့အားလုံးဟာ သူ့ရဲ့ မိန်းမဖြစ်သူ မာရီ ၊ သူ့ရဲ့ ကလေးတွေဖြစ်ကြတဲ့ ဖာနန်ဒို ၊ ဖရန်စစ္စကို ၊ ဖာနန်ဒို ၊ မာရီရာ ၊ လော်ရန်ဇိုနဲ့ ဒိုင်ယာနာတို့အတွက်လဲ စိတ်မကောင်း ဖြစ်ရပါတယ်။ လော်ရန်ဇို တာဝန်ယူခဲ့စဉ်ကာလအတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လော်ရန်ဇို ရရှိသင့်တဲ့ ချီးကျူးဂုဏ်ပြုမှုတွေကို လျင်မြန်စွာ ပေးအပ်လုပ်ဆောင်သွားမှာပါ ” လို့ ကြေညာသွားခဲ့ပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါ လော်ရန်ဇို….။