နာမည်ကျော် UFC ကြယ်ပွင့် ကစားသမား ကော်နာ မက်ဂရီဂေါ် ကတော့ ရုရှား သန်းကြွယ်သူဌေး အီဘရာမိုဗစ်ချ်က ရောင်းချဖို့ ဈေးခေါ်ထားတဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးကို ပေါင် ၁.၅ဘီလီယံ (ယူရို ၂ဘီလီယံ နီးပါး) ပေးချေကာ ဝယ်ယူဖို့ အတွက် ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ရုရှားရဲ့ နာမည်ကြီး သန်းကြွယ်သူဌေး တဦး ဖြစ်သူ အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးကို ၂၀၀၃ခုနှစ်မှ စတင်ကာ ပိုင်ဆိုင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ ချယ်လ်ဆီးက ပရီးမီးယားလိဂ်ရဲ့ အသင်းလတ်အဆင့် ကနေ အင်အားကြီးအသင်း တသင်း ဖြစ်လာခဲ့သလို ချယ်လ်ဆီးရဲ့ တန်ကြေးကလည်း ယူရို ၃ဘီလီယံ နီးပါး ရှိလာခဲ့ပါတယ်။

Photo Credit: The Sun

အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးအပေါ် သံယောဇဉ် ကြီးမားသူ တဦး ဖြစ်ပေမယ့် လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ ရုရှားရဲ့ အိမ်နီးချင်း ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့်ပဲ သူနဲ့ ချယ်လ်ဆီးရဲ့ ပုံရိပ်တွေ ကျဆင်းနေတာကြောင့်ပဲ ချယ်လ်ဆီးကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။

အေဘရာမိုဗစ်ချ်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ သူဟာ ချယ်လ်ဆီးကို ရောင်းချဖို့ ဆုံးဖြတ်ထားကြောင်း အတည်ပြု ပြောကြားခဲ့ပြီး အဆိုပါနေ့ရက် နောက်ပိုင်းမှာတော့ ကမ္ဘာတလွှားမှာ ရှိတဲ့ သန်းကြွယ်သူဌေးတွေက ချယ်လ်ဆီးကို ဝယ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြကာ အဆိုပါ သန်းကြွယ်သူဌေးတွေ အနက် အိုင်ယာလန် လူကြမ်းကြီး ကော်နာ မက်ဂရီဂေါ်လည်း ပါဝင်နေပါတယ်။

Photo Credit: The Sun

မက်ဂရီဂေါ်ဟာ ကျော်ကြားတဲ့ MMA Fighter တဦး ဖြစ်တာကြောင့် သူ့ရဲ့ ကြွယ်ဝ ချမ်းသာမှုက ပေါင် ၁ဘီလီယံ နီးပါး အထိ ရှိပြီး မက်ဂရီဂေါ်က ယနေ့မနက်ပိုင်းမှာပဲ သူဟာ ချယ်လ်ဆီးကို ပေါင် ၁.၅ ဘီလီယံနဲ့ ဝယ်ယူဖို့ အဆင်သင့် ရှိနေကြောင်း သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ တဆင့် အသိပေးခဲ့ပါတယ်။

ဒါပေမယ့် အေဘရာမိုဗစ်ချ်က ချယ်လ်ဆီးကို ရောင်းချရာကနေ အနိမ့်ဆုံး ယူရို ၃ဘီလီယံ ဝန်းကျင် လိုချင်နေတာကြောင့် မက်ဂရီဂေါ်အနေနဲ့ ချယ်လ်ဆီးကို အမှန်တကယ် ဝယ်ယူချင်ရင် နောက်ထပ် သန်းကြွယ်သူဌေး တဦးနဲ့ ပူးပေါင်းဖို့ လိုအပ်ပါတယ်။