ဘရာဇီးလ်အခြေစိုက် နာမည်ကြီးကလပ် ကိုရင်သီယန်ရဲ့ ဥက္ကဌဖြစ်သူ မွန်တိုင်ရိုကတော့ သူတို့အသင်းဟာ ပရီးမီးယားလိဂ် အခြေစိုက် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာချင်နေတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံထားသူ ဖြစ်ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်ကလည်း ရိုနယ်ဒိုအတွက် အသင်းသစ်ကို စတင် ရှာဖွေပေးနေပါတယ်။

Photo Credit: Be Soccer

ရိုနယ်ဒိုက ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားချင်တာကြောင့် မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာချင်နေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို မရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

ယခုအချိန်မှာတော့ ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပအသင်းကြီးတွေ မရှိနေပဲ ဘရာဇီးလ်ရဲ့ ထိပ်သီးကလပ် ကိုရင်သီယန်ရဲ့ ဥက္ကဌ ဖြစ်သူ မွန်တိုင်ရိုက သူတို့အသင်းဟာ ရိုနယ်ဒိုရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး အကယ်၍ ရိုနယ်ဒိုကသာ သူတို့အသင်းဆီ ပြောင်းလာချင်ရင် ခေါ်ဖို့ အသင့်ပဲလို့ ဆိုသွားပါတယ်။

Photo Credit: Be Soccer

မွန်တိုင်ရိုက – “ကျွန်တော်တို့က ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတာ အမှန်ပါ။ ကျွန်တော်က အိမ်မက်ကြီးကြီး မက်လေ့ ရှိပါတယ်။ ကျွန်တော်တို့က ကိုရင်သီယန်ပါ။ ကျွန်တော်တို့မှာ ဝီလီယံနဲ့ အော်ဂတ်စတိုတို့လို ကစားသမားကောင်းတွေ ရှိနေပါတယ်။ ဘောလုံးလောကမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်က ကိုရင်သီယန် အတွက် အကောင်းဆုံး ဖြစ်မယ့် အရာတွေကို လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော်တို့က ရိုနယ်ဒိုကို ခေါ်ယူဖို့ ဖြစ်နိုင်မလား ဆိုတာကိုတော့ သေချာ မသိသေးပါဘူး။ ကျွန်တော်တို့က သူ့အတွက် စုံစမ်းမှုတွေလည်း မလုပ်ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က သူ့ရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။ တကယ်လို့ သူကသာ ရုတ်တရတ်ကြီး ဘရာဇီးလ်မှာ ကစားဖို့ ဆန္ဒရှိလာမယ် ဆိုရင် ဘာတွေဖြစ်လာမလဲ ဆိုတာ ခင်ဗျားတို့ မှန်းဆကြည့်လို့ ရပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။