မနေ့ညက ကိုပါအီတလီယာပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပထမပွဲအဖြစ် ဂျုဗင်တပ်စ်နဲ့ အေစီမီလန်တို့ ကစားသွားခဲ့ရာ အိမ်ရှင်ဂျုဗင်တပ်စ်က အဝေးဂိုးစည်းမျဉ်းနဲ့ ဖိုင်နယ်ကို တတ်လှမ်းခဲ့ပြီး ဒီနေ့ညမှာလည်း နာပိုလီအသင်းနဲ့ အင်တာမီလန်အသင်းတို့က ဆီမီးဖိုင်နယ် ဒုတိယပွဲကို ဆက်လက်ဆင်နွဲခဲ့ရာ တစ်ဖက်ကိုတစ်ဂိုးစီ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၂)ဂိုး (၁)ဂိုးနဲ့ နာပိုလီတို့ ဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပါတယ်။

အိမ်ရှင်နာပိုလီအသင်းက အော့စ်ပီနာ ကူလီဘလီ မက်ဆီမိုဗစ် ဒီလော်ရန်ဇို အင်ဆစ်ဂနီ မာတန်စ်တို့လို အသင်းရဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့သလို ဧည့်သည်အင်တာအသင်းမှာလည်း လူကာကူ မာတီနက်ဇ် အက်ရှ်လေယန်း အဲရစ်ဆင် ရှာကရီညာ ဘရိုဇိုဗစ် ဒီဗရိုင်းတို့လို အမာခံကစားသမားအစုံအလင်ကို အသုံးပြုလာခဲ့ပါတယ်။ ပွဲအစပိုင်းလေးမှာပဲ အင်တာကွင်းလယ်လူ အဲရစ်ဆင်က အင်တာအတွက် အဖွင့်ဂိုးနဲ့ အရေးပါလှတဲ့ သွင်းဂိုးကို ထောင့်ကန်ဘောကနေ တိုက်ရိုက်သွင်းယူပေးသွားခဲ့ပါတယ်။ နှစ်ကျော့ပေါင်းရလဒ် တူညီသွားချိန်မှာတော့ အင်တာဘက်ကနေ ထိုးဖောက်မှုတွေ ပိုမိုများလာခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးလေးမှာပဲ မာတန်စ်က နာပိုလီအတွက် ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ရပါတယ်။

ပထမပိုင်းကတည်းက အရမ်းကို အကြိတ်အနယ်ရှိလှတဲ့ ဒီပွဲရဲ့အရှိန်တွေကလည်း ဒုတိယပိုင်းမှာလည်း ဆက်လက်မြင့်တတ်နေခဲ့ကာ နှစ်သင်းလုံး ဖိုင်နယ်တတ်ရေးအတွက် အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒုတိယပိုင်းအစလောက်မှာ အိမ်ရှင်ဘက်ကနေ လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး ကယ်လီဟွန်နဲ့ ဖာဘီယန်ရုဇ်တို့ကို ထည့်သွင်းလာခဲ့ပါတယ်။ ပထမပိုင်းမှာ အိမ်ရှင်ထက် လုပ်အားနှုန်းပိုကောင်းခဲ့တဲ့ အင်တာက ဒုတိယပိုင်းမှာ သိပ်ပြီးမထို်းဖောက်နိုင်တော့လို့ ဆန်းချက်ဇ်ကို ထည့်သွင်းလာခဲ့ရပါတယ်။ ဒုတိယပိုင်းပြီးခါနီးလောက်မှာ အနိုင်ဂိုးရဖို့ မဖြစ်မနေလိုအပ်လာတဲ့ အင်တာက တိုက်စစ်ကို ပိုလိုက်ပါကစားလာနိုင်ခဲ့ပေမယ့် သွင်းဂိုးမရခဲ့တော့လို့ နာပိုလီပဲ ဖိုင်နယ်တတ်လှမ်းနိုင်ခဲ့ပါတယ်။