ကိုပင်ဟေဂင် နည်းပြ ဆော့ဘတ်ကန်ကတော့ ယနေ့ည မန်ယူအသင်းနဲ့ ယှဉ်ပြိုင် ကစားမယ့် ယူရိုပါလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ် မတိုင်ခင် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ မန်ယူအသင်းကို အနိုင်ရရှိဖို့ ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ကစားမှု လိုအပ်မှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ နည်းပြ ဆော့ဘတ်ကန်ရဲ့ ကိုပင်ဟေဂင်အသင်းဟာ ယူရိုပါလိဂ် (၁၆) သင်းအဆင့် ပအကျော့ ကစားခဲ့စဉ်က တူရကီ ကလပ် အစ္စတန်ဘူလ်ရှက်ကာအသင်းကို (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဒုအကျော့မှာ (၃-ဝ) နဲ့ အနိုင်ပြန်ရခဲ့တာကြောင့် ကွာတား ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ကိုပင်ဟေဂင်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ အသင်းရဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၂၃) ပွဲမှာ (၁) ပွဲသာ ရှုံးနိမ့်ခဲ့ရတာကြောင့် ခြေစွမ်းပြ ကစားနေပြီး ယနေ့ည၊ အင်္ဂါနေ့ နံနက်၊ (၁း၃၀) အချိန်မှာလည်း မန်ယူနိုက်တက်အသင်းကို ဘယ်လို ယှဉ်ပြိုင်ကစားသွားမလဲ ဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။ ကိုပင်ဟေဂင်အသင်းဟာ ယူရိုပါလိဂ် (၁၆) သင်းအဆင့်မှာ LASK ကို နှစ်ကျော့ပေါင်း (၇-၁) နဲ့ အနိုင်ရရှိခဲ့တဲ့ မန်ယူအသင်းနဲ့ ကစားရမှာ ဖြစ်တာကြောင့် အသင်းရဲ့ နည်းပြ ဆော့ဘတ်ကန်က ပြီးပြည့်စုံတဲ့ ကစားမှုနဲ့သာ မန်ယူအသင်းကို အနိုင်ရနိုင်မယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ကိုပင်ဟေဂင် နည်းပြ ဆော့ဘတ်ကန်က “မန်ယူနိုက်တက်ကို အနိုင်ရဖို့ ကျွန်တော်တို့ ပြီးပြည့်စုံတဲ့ ကစားမှု လိုပါတယ်။ ကျွန်တော်တို့ ကံကောင်းမှု နည်းနည်း လိုပါတယ်။ မန်ယူအသင်း ခြေစွမ်းကောင်း မပြဖို့လည်း လိုကောင်း လိုနိုင်တယ်။ ကျွန်တော်တို့ ခံစစ်ပိုင်းမှာ ပြီးပြည့်စုံဖို့ လိုပါတယ်။ ဒီလိုမျိုး ပွဲစဉ်မှာ အခွင့်အရေး (၁) ကြိမ်၊ (၂) ကြိမ်၊ (၃) ကြိမ် ရရှိဖို့ လိုပါတယ်။ အခွင့်အရေးတော့ သိပ် မရှိပါဘူး။ ဒါပေမယ့် ဒီပွဲစဉ်က မိနစ် (၁၈၀) ကစားရမှာ မဟုတ်ဘဲ မိနစ် (၉၀) သာ ကစားရမှာ ဖြစ်လို့ အခွင့်အရေး ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ ခံစားချက်ကောင်းပါတယ်။ ကျွန်တော်တို့ အားလပ်ရက် အနည်းငယ် ရရှိပြီးနောက် ကစားရမှာ ဖြစ်လို့ အချို့ ကစားသမားတွေက ကစားဖို့ အဆင်သင့် ဖြစ်နေကြပါပြီ”လို့ ပြောသွားခဲ့ပါတယ်။