မနေ့ညက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ကို အကောင်းဆုံးယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဒိန်းမတ်နာမည်ကျော် ဘောလုံးအသင်း ကိုပင်ဟေဂင်အသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်သူ ဇက်ဇာက ပွဲအပြီးမှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားနဲ့ လက်ဆွဲနှုတ်ဆက်ရင်း သူငယ်ငယ်လေးကတည်းက အားပေးလာခဲ့တဲ့ ယူနိုက်တက်အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာအောင် လုပ်ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အထိ ရေပန်းစားနေရတဲ့ ယူနိုက်တက်အသင်းဟာ မနေ့ညက ကိုပင်ဟေဂင်အသင်းနဲ့ ကစားသွားခဲ့တဲ့ပွဲစဉ်အတွင်း နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရပြီး မိနစ်ကိုးဆယ်အတွင်း ဂိုးမရှိသရေကျနေခဲ့လို့ အချိန်ပိုဆက်ကစားရာ အချိန်ပိုမှာ ဖာနန်ဒက်စ်က ပင်နယ်တီကနေ သွင်းဂိုးတစ်ဂိုးကို ရယူပေးခဲ့လို့ နိုင်ပွဲရသွားခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ကိုပင်ဟေဂင် အသင်းခေါင်းဆောင်ဇက်ဇာက ဆိုးလ်ရှားနဲ့ နှုတ်ဆက်ရင်း “ခင်ဗျား မန်ချက်စတာယူနိုက်တက်အသင်းအတွက် လုပ်ပေးခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးအထူးတင်ရှိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ချက်ချင်းဆိုသလို ဆိုးလ်ရှားကလည်း “ငါတို့တွေက အသင်းကို အရင်လိုအခြေအနေ ပြန်ရောက်လာအောင် ပြန်လည်ကြိုးစားနေတာ” ဘေးနားမှာရှိနေတဲ့ ဖာနန်ဒက်စ်ဘက်ကိုလည်းလှည့်ပြီး “သူကလည်း အသင်းကို ကူညီပေးတယ်” တယ်လို့ ပြန်လည်ဖြေဆိုခဲ့ရာ ဇီဇာကလည်း “ဟုတ်တယ်။ သူက တကယ့်ကို အံ့မခန်း ကစားသမားတစ်ယောက်ပါ” လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။ သာမာန်ဘောလုံးပွဲတစ်ပွဲမှာက ပရိသတ်ပေါင်းများစွာနဲ့ ကျင်းပတာဖြစ်လို့ ပွဲအပြီး ကစားသမားအချင်းချင်းတို့ ကစားသမားနည်းပြတွေ နှုတ်ဆက်ကြရင်း ပြောဆိုကြတဲ့ စကားသံတွေကို အလွယ်တကူ မကြားရနိုင်ပေမယ့် အခုလို ပရိသတ်မပါပဲ ကွင်းပိတ်ကျင်းပချိန်မှာ ကစားသမားတွေ နည်းပြတွေရဲ့စကားပြောသံကို အလွယ်တကူ ကြားနေရပြီး ပြိုင်ဘက်အသင်းသားတစ်ယောက် ဖြစ်ပေမယ့် ငယ်စဉ်ကတည်းက အားပေးခဲ့ရတဲ့ အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန် သူရဲ့ဒီအသင်းအပေါ် ချစ်မြတ်နိုးနေတယ်ဆိုတာကို ပြသသွားတဲ့အတွက် ယူနိုက်တက်ပရိသတ်တွေက အရမ်းသဘောကျနေရပါတယ်။ ဇီဇာဟာ သူအသက်ငယ်စဉ်ကတည်းက ယူနိုက်တက်အသင်းကို အားပေးခဲ့တဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်တယ်လို့ အင်တာဗျူးမှာ ဝန်ခံပြောဆိုထားခဲ့ပါတယ်။