စီးရီးအေ တိုက်စစ်မှူးဟောင်း ဖြစ်သူ ဒီကာနီယိုကတော့ အင်တာမီလန် နည်းပြ ကွန်တီအနေနဲ့ မက်ဆီကို အင်တာမီလန်အသင်းမှာ လိုချင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး အင်တာမီလန်အသင်းက မက်ဆီကို ခေါ်ယူမယ် ဆိုရင် မက်ဆီက အသင်းထက် ပိုကြီးမားလိမ့်မယ်လို့ ပြောသွားပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ လက်ရှိမှာတော့ ဘာစီလိုနာအသင်းနဲ့ စာချုပ် (၁) နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်က လက်ရှိရာသီအကုန်မှာ ဘာစီလိုနာအသင်းကနေ အခြားတစ်သင်းသင်းကို ပြောင်းရွှေ့သွားနိုင်ချေ ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

 

Photo Credit: Goal

အင်တာမီလန် နည်းပြ ကွန်တီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အတ္တလန်တာအသင်းကို (၂-ဝ) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် အပြီးမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူသွားဖို့ မရှိပါဘူးလို့  ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။ အလားတူ အီတလီ လက်ရွှေးစင် တိုက်စစ်မှူးဟောင်း ဒီကာနီယိုကလည်း အင်တာအသင်းက မက်ဆီကို ခေါ်ယူဖို့ အလားအလာ ရှိရင်တောင်မှ နည်းပြ ကွန်တီက မက်ဆီကို အင်တာမီလန်အသင်းမှာ လိုချင်မှာ မဟုတ်ဘူးလို့ SkySports သတင်းမှာ အခိုင်အမာ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဒီကာနီယိုက “တကယ်လို့ အင်တာမီလန်အသင်းက မက်ဆီကို ခေါ်ယူဖို့ တကယ် ဆုံးဖြတ်ပြီး သူ့ကို ခေါ်ယူဖို့ ဘာမဆို လုပ်မယ်လို့ ပြောပြီးသား ဖြစ်မယ် ဆိုရင် နည်းပြ ကွန်တီအနေနဲ့ သူ့ကို အင်တာအသင်းမှာ လိုချင်မယ်လို့ ထင်ပါသလား။ ကျွန်တော်ကတော့ လိုချင်မယ်လို့ မထင်ပါဘူး။ ဒါက ဘာနဲ့ တူမလဲ ဆိုရင် အင်တာအကြောင်းထက် မက်ဆီအကြောင်းကို ပို ပြောလာကြမယ်။ ဂျူဗင်တပ်အသင်းမှာ ရော်နယ်ဒိုအကြောင်းကို ပို ပြောသလိုမျိုးပေါ့။ ဒါမှမဟုတ် ဒီထက်လည်းပဲ ပိုဆိုးနိုင်ပါတယ်”လို့ SkySports သတင်းမှာ သတင်းထောက်တွေကို ပြောသွားတာ ဖြစ်ပါတယ်။ နည်းပြ ကွန်တီရဲ့ အင်တာမီလန်အသင်းဟာာ လက်ရှိရာသီ စီးရီးအေ ပြိုင်ပွဲမှာ အဆင့် (၁) က ဂျုဗင်တပ်အသင်းနဲ့ ရမှတ် (၁) အမှတ် အဆင့် (၂) နဲ့ လက်ရှိရာသီကို ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။