ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ကွန်တီကတော့ ယူနိုက်တက်ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ သူတို့နဲ့ ကစားရမယ့်ပွဲမှာ ဂိုးမသွင်းနိုင်ဖို့ မျှော်လင့်မိကြောင်း ယခုကြားရက်မှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး သူဟာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုးသာ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ်ပဲ ရရှိထားပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ရိုနယ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ စပါးကို အတော်လေး ဒုက္ခပေးနိုင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ဟက်ထရစ်ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စပါးကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ စပါးနည်းပြ ကွန်တီက မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင် ကစားရမယ့်ပွဲမှာ သူတို့အသင်းဟာ ရိုနယ်ဒိုကို သတိထား ကစားရဖို့ ရှိကြောင်း ဝန်ခံသွားခဲ့သလို ရိုနယ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလို သူတို့အသင်းဘက်ကို ဂိုးမသွင်းနိုင်ဖို့ မျှော်လင့်မိကြောင်း ဆိုလာပါတယ်။

Photo Credit: Mirror

ကွန်တီက – “ကျွန်တော်က ရိုနယ်ဒိုကို သူ့ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုကြောင့် အတော်လေး လေးစားပါတယ်။ ဒါပေမယ့် ကျွန်တော်က မနက်ဖြန်မှာတော့ သူ့ရဲ့ အခြေအနေ တည်ငြိမ်ဖို့ မျှော်လင့်မိပါတယ်။ (နယူးကာဆယ်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်တာကြောင့် ပေါက်ကွဲအား အပြည့်နဲ့ ကစားမှာကို မလိုချင်ကြောင်း ဆိုလိုလျက်) သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကျွန်တော်တို့နဲ့ တွေ့တုန်းက သွင်းဂိုး ၃ဂိုးတောင် သွင်းခဲ့တာလေ။ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့က မန်ယူကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးခဲ့ပေမယ့် တကယ်တမ်း ကျွန်တော်တို့ အရှုံးပေးခဲ့ရတာဟာ ရိုနယ်ဒိုကိုပါ။ ကျွန်တော်က အဲ့ဒီပွဲကို အတော်လေး အမှတ်ရနေမိပါတယ်။ ကျွန်တော်တို့က ကစားပုံ ကောင်းရဲ့သားနဲ့ ရိုနယ်ဒိုကြောင့် အရှုံးပေးလိုက်ရတာပါ။ ဒီပွဲမှာတော့ ဒီလို မဖြစ်ဖို့ မျှော်လင့်မိပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။