ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အဓိက တိုက်စစ်မှူး ဆွန်ဟောင်မင်ကို ပွဲထွက်လူစာရင်း ကနေ ခေတ္တ ဖယ်ရှားဖို့ ပြင်ဆင်နေကြောင်း စပါးနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားသွားကြပါတယ်။

အသက် ၃၀ အရွယ် တောင်ကိုရီးယား အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ဆွန်ဟောင်မင်က လေဗာကူဆင် ကနေ စပါးထံ ရောက်ရှိလာပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် အဓိက ကြိုးပမ်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Football London

ဒါပေမယ့် ဆွန်ဟောင်မင်က ယခုနှစ် ဘောလုံးရာသီမှာတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၇ပွဲ အထိ ပါဝင် ကစားပေးခဲ့ရပေမယ့် ဂိုးဖန်တီးမှု ၁ကြိမ်သာ ရရှိထားပါတယ်။ တဖက်မှာတော့ စပါးရဲ့ အခြား တိုက်စစ်ကစားသမားတွေ ဖြစ်ကြတဲ့ ဟယ်ရီကိန်း ၊ ကူလူဆက်စကီးနဲ့ ရစ်ချာလီဆန်တို့ဟာ ခြေစွမ်းကောင်းတွေ အသီးသီး ပြသထားနိုင်ကြပါတယ်။

ဒါကြောင့်ပဲ စပါးနည်းပြ ကွန်တီက လာမယ့် ပွဲစဉ်တွေမှာ ဆွန်ဟောင်မင်ကို ပွဲထွက် လူစာရင်း ကနေ ဖယ်ရှားကာ ဟယ်ရီကိန်း ၊ ကူလူဆက်စကီးနဲ့ ရစ်ချာလီဆန်တို့ရဲ့ တိုက်စစ်အတွဲကို သုံးစွဲဖို့ စီစဉ်နေပြီး ယနေ့ညမှာ ကစားမယ့် စပို့တင်း လစ္စဘွန်းနဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာလည်း ကွန်တီက သူဟာ အလှည့်ကျစနစ်ကို သုံးဖို့ စီစဉ်ထားကာ တချို့ ကြယ်ပွင့် ကစားသမားတွေကိုလည်း အခြေအနေအရ အရန်ခုံ ထိုင်ခိုင်းတော့မယ်လို့ အသိပေးသွားခဲ့ပါတယ်။

Photo Credit: Football London

ကွန်တီက – “ပွဲတွေကို ရွှေ့ဆိုင်းလိုက်ရတာက ကျွန်တော့်အတွက် လူစာရင်းနဲ့ ပတ်သတ်ပြီး မတူညီတဲ့ ချဉ်းကပ်ပုံတွေကို ရသွားစေပါတယ်။ တကယ်လို့ ပွဲတွေသာ မရွှေ့ဘူး ဆိုရင် ကျွန်တော်က ဒီနေ့ပွဲမှာ တချို့ ကစားသမားတွေကို ကစားခွင့် ပေးဖို့ ရှိခဲ့ပေမယ့် အခုတော့ ကျွန်တော့်ရဲ့ အတွေးတွေ ပြောင်းသွားပါပြီ။ ဆွန်ဟောင်မင်ရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ပြောရရင်တော့ ခင်ဗျားက အရေးပါတဲ့ အရာ တခုခုကို တည်ဆောက်ဖို့ ကြိုးစားနေတယ် ဆိုရင် ရည်မှန်းချက် ရှိရမယ်။ ပြီးတော့ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ရမယ်။ အနိုင်လည်း ရယူနိုင်ရပါမယ်။ ပြီးတော့ ခင်ဗျားရဲ့ အကျင့်ဟောင်းတွေကိုလည်း စွန့်ပစ်ဖို့ လိုအပ်ပါလိမ့်မယ်။ မဟုတ်ရင်တော့ ခင်ဗျားက ပုံမှန်အတိုင်းပဲ ရှိနေပြီးတော့ ရည်မှန်းချက်ကို ရောက်အောင်လည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ကစားသမားတွေ အားလုံးက အလှည့်ကျစနစ်ကို လက်ခံနိုင်ရပါမယ်။ ကျွန်တော်တို့မှာ တိုက်စစ် ကစားသမား ၃ဦးရဲ့ နေရာကို ဝင်ရောက် ကစားနိုင်တဲ့ ကစားသမား ၄ယောက် အထိ ရှိနေပါပြီ။ ဒါကြောင့် ကစားသမား တယောက်ကို မဖြစ်မနေ အရန်ခုံ ပို့ရပါလိမ့်မယ်။ ကျွန်တော်က အဲ့ဒါနဲ့ ပတ်သတ်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။