ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် အသင်းရဲ့ လက်ရှိနည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြသစ် တဦး ခန့်အပ်ဖို့ စီစဉ်နေရာ ချယ်လ်ဆီးအသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ နည်းပြဟောင်း ကွန်တီဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆုကို ပြန်လည် ရယူနိုင်ဖို့ အတွက် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရိုနယ်ဒို ၊ ဆန်ချို ၊ ဗာရန်း စတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေကို ခေါ်ယူထားခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်းရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေး ဆိုးဝါးနေသလို နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပါတယ်။

Photo Credit: The Sun

ဒါကြောင့်လည်း အသင်းရဲ့ ကြယ်ပွင့် ကစားသမား အများစုဟာ လက်ရှိ နည်းပြ ဆိုးလ်ရှားရဲ့ နည်းစနစ်တွေ အပေါ် ဝေဖန်မှုတွေ ပြုလုပ်လာပြီး ဆိုးလ်ရှားအပေါ်လည်း အယုံအကြည် နည်းပါးလာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနက ဆိုပါတယ်။

အီတလီသတင်းတွေနဲ့ ပတ်သတ်ရင် စိတ်ချရတဲ့ နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံံးရာသီမှာ အင်တာမီလန်အသင်းကို နှစ်များစွာ ဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆု ပြန်ရအောင် လုပ်ဆောင်ပေးထားတဲ့ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ တရားဝင် ချိတ်ဆက်မှုတွေ ပြုလုပ်လာပြီး ကွန်တီကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: The Sun

ဒါပေမယ့် ကွန်တီဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို မကိုင်တွယ်မီမှာ အသင်းရဲ့ ရည်မှန်းချက်တွေ ၊ အနာဂတ် အစီအစဉ်တွေ အကြောင်းကို သိရှိလိုနေသလို မန်ချက်စတာ ယူနိုက်တက်အသင်းကို ကာလရှည် ကိုင်တွယ်ခွင့် ပေးပါ့မယ် ဆိုတဲ့ ကတိကိုလည်း လိုချင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းပိုင်ရှင် မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုကလည်း အသင်းကို နှစ်ရှည် ကိုင်တွယ်ပေးနိုင်မယ့် ထိပ်တန်း နည်းပြတဦးကို လိုချင်နေတာကြောင့် ကွန်တီရဲ့ ဆန္ဒနဲ့ သူတို့ရဲ့ ဆန္ဒဟာ ထပ်တူကျနေပြီး မကြာခင်မှာပဲ ကွန်တီကို မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြနေရာမှာ မြင်တွေ့ရဖွယ် ရှိကြောင်း တင်ပြလိုက်ပါတယ်။