ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ်ဖြစ်သူ ကွန်တီက ယမန်နေ့ညမှာ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ခါးသီးမြို့ခံပြိုင်ဘက် အာဆင်နယ်ကို အဝေးကွင်းမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အကြီးအကျယ် အောင်ပွဲခံနေကြတဲ့ အာဆင်နယ် ပရိသတ်တွေအား သူတို့အသင်းကို အနိုင်ရသွားတော့ ချန်ပီယံလိဂ် ကန်ရလားလို့ မေးရင်း ပြန်လည် ခနဲ့သွားခဲ့ပါတယ်။

အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ကစားခဲ့ရတဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာတော့ စပါးကို အိမ်ကွင်းမှာ ကစားရတဲ့ အသာစီးရလေ့ ရှိတဲ့ ထုံးစံအတိုင်းပဲ အာဆင်နယ်က ပွဲစပွဲဆုံး စပါးထက် ပိုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပြီး စပါးကတော့ တပွဲလုံးနီးပါး အာဆင်နယ်ရဲ့ တိုက်စစ်ကို ခုခံရင်းနဲ့သာ အချိန်ကုန်သွားခဲ့ရပါတယ်။

Photo Credit: Team Talk

အဆိုပါပွဲစဉ်မှာ အာဆင်နယ် အတွက် သွင်းဂိုးတွေကို အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ သောမတ်စ် ပါတေး ၊ ဂျေဇူးနဲ့ ချာကာတို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး စပါးအတွက် တလုံးထဲသော သိက္ခာဆယ် ချေပဂိုးကို အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက ပင်နယ်တီ ကနေ တဆင့် သွင်းယူပေးခဲ့တာပါ။

အာဆင်နယ် ၃-၁ စပါး ပွဲစဉ်အပြီးမှာတော့ ခါးသီးပြိုင်ဘက်တွေ ဖြစ်တာနဲ့အညီ အာဆင်နယ် ပရိသတ်တွေက အကြီးအကျယ် အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ကြကာ စပါးရဲ့ နည်းပြချုပ်ဖြစ်သူ ကွန်တီကတော့ အာဆင်နယ်ဟာ သူတို့အသင်းကို နိုင်သွားခဲ့တာ မှန်ပေမယ့် သူတို့အသင်းက ချန်ပီယံလိဂ် ကန်နေရတဲ့ အသင်း ဖြစ်ပြီး အာဆင်နယ်ကတော့ ယူရိုပါလိဂ်မှာ ကန်နေရတဲ့ အသင်းသာ ဖြစ်ကြောင်း ပြောကြားရင်း အာဆင်နယ် ပရိသတ်တွေကို ပြန်လည် ခနဲ့သွားပါတယ်။

Photo Credit: Team Talk

ကွန်တီက – “ကျွန်တော်တို့က အကောင်းဆုံး ဖြစ်လာအောင် ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့က တပွဲပြီး တပွဲ ပိုပို တိုးတက်လာအောင် ကြိုးစားနေတဲ့ အသင်းပါ။ ဒါကြောင့် ရာသီကုန်ရင် ဘယ်လိုဖြစ်လာမလဲ ဆိုတာ ဆက်ကြည့်ကြတာပေါ့။ ကျွန်တော်တို့က တိုးတက်လာအောင် ဆက်လက် ကြိုးစားနေတဲ့ အသင်း ဖြစ်သလို စပါးနဲ့ ပတ်သတ်ပြီး ကျွန်တော့်ရဲ့ ယူဆချက်ကို နောက်ထပ်တကြိမ် ထပ်ပြောပါဦးမယ်။ စပါးက အခုမှ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ ကြိုးစားနေဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ ကျွန်တော်တို့က တဆင့်ပြီး တဆင့် တိုးတက်လာအောင် ကြိုးစားနေပါတယ်။ ကျွန်တော်တို့ အတွက် အခုချိန်မှာ စကားလုံး တလုံးထဲကိုပဲ ခေါင်းထဲ သွင်းထားပါတယ်။ အဲ့ဒါကတော့ အလုပ်ကြိုးစားမှုပါ။ ကျွန်တော်တို့က ဒီပွဲအရှုံးကို မေ့ပစ်ပြီး ချန်ပီယံလိဂ်ပွဲ အတွက် ပြင်ဆင်ရပါဦးမယ်။ ပြီးတော့ နောက်ထပ်တခု ထပ်ပြောပါဦးမယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရာသီကုန်ဖို့ ၂ပွဲသာ လိုအပ်တော့ချိန်မှာ ကျွန်တော်တို့က အာဆင်နယ်ထက် ၄မှတ် အထိ လျော့နည်းနေခဲ့တာပါ။ အခုတော့ ကျွန်တော်တို့က ချန်ပီယံလိဂ် ကန်နေရပြီး သူတို့က ယူရိုပါလိဂ်ပဲ ကန်နေရပါတယ်။ ဒီအချက်ကိုတော့ အာဆင်နယ်ပရိသတ်တွေ မမေ့ကြပါနဲ့” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။