စပိန်လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားရဲ့ နည်းပြဖြစ်သူ လိုပက်တယ်ဂီကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါးနဲ့ ရာသီကြို ခြေစမ်းပွဲမှာ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးတဲ့နောက် စပါးနည်းပြ ကွန်တီဟာ ကိုယ်ပိုင် ကစားဟန် တခုကို ပိုင်ဆိုင်ထားတဲ့ ထိပ်သီးနည်းပြ တဦး ဖြစ်ကြောင်း ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၅၅နှစ် အရွယ် နာမည်ကြီး စပိန်လူမျိုးနည်းပြ လိုပက်တယ်ဂီက၂၀၁၉ခုနှစ်မှ စတင်ကာ ဆီဗီးလားကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ နည်းပြတဦး ဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ ဆီဗီးလားက လာလီဂါရဲ့ ဖျက်မြင်းအဆင့် ကနေ ချန်ပီယံလိဂ်ဝင်ခွင့်ကို အမိအရ သိမ်းပိုက်နိုင်တဲ့ အသင်းတသင်း ဖြစ်လာတဲ့ အထိ ခြေစွမ်းတွေ တိုးတက်လာခဲ့ပါတယ်။

Photo Credit: Football London

တဖက်မှာတော့ နာမည်ကြီး အီတလီလူမျိုး ထိပ်တန်းနည်းပြ ကွန်တီက လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ ၁၀ဦး စာရင်းဝင်သူ ဖြစ်ပြီး သူက ယနေ့ခေတ် နာမည်ကျော်နည်းပြ အများစုနဲ့ အတွေးအခေါ် ခြားနားကာ ခံစစ်ပိုင်း ကျစ်လျစ်မှုကို ဦးစားပေးပြီး တန်ပြန်တိုက်စစ်ကို အားကိုးတဲ့ နည်းစနစ်ကိုသာ စွဲစွဲမြဲမြဲ သုံးစွဲလေ့ ရှိသူပါ။

ဒါကြောင့်ပဲ ကွန်တီ ကိုင်တွယ်တဲ့ အသင်းတိုင်းက အမြဲတမ်းလိုလို ဆုဖလားတွေ ရယူနိုင်လေ့ ရှိပြီး ကွန်တီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း စပါးဆီ ရာသီဝက်ကာလ ရောက်မှသာ ရောက်ရှိလာခဲ့ပေမယ့် ရလဒ်ကောင်းတွေ တောက်လျှောက် ရယူပေးခဲ့ကာ အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ဦးဆောင် လမ်းပြပေးနိုင်ခဲ့ပါတယ်။

Photo Credit: Football London

ဆီဗီးလားရဲ့ နည်းပြဖြစ်သူ လိုပက်တယ်ဂီကလည်း ကွန်တီရဲ့ နည်းစနစ်တွေနဲ့ အောင်မြင်မှုတွေကို သဘောကျတဲ့ နည်းပြတွေထဲက တဦး ဖြစ်ပြီး စပါး ၁-၁ ဆီဗီးလား ရာသီကြို ခြေစမ်းပွဲအပြီးမှာ လိုပက်တယ်ဂီက ကွန်တီဟာ သူ ရောက်တဲ့ အသင်းတိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင် ကစားဟန်ကို သွတ်သွင်းနိုင်လေ့ ရှိတဲ့ ထိပ်သီးနည်းပြ ဖြစ်ကြောင်း ချီးကျူးသွားပါတယ်။

လိုပက်တယ်ဂီက – “စပါးက ကျွန်တော်တို့ဘက်ကို အမြဲတမ်း ချဉ်းကပ်ပြီး ကစားသွားခဲ့တာပါ။ အဲ့ဒီအချိန်တွေမှာ ကျွန်တော်တို့က ခံစစ်ကို ပိုပြီး ကျစ်လျစ်အောင် ကစားခဲ့ရသလို ကောင်းမွန်တဲ့ ကစားဟန် တခုကိုလည်း ပြသနိုင်ခဲ့ပါတယ်။ စပါးက သူတို့ရဲ့ အကောင်းဆုံး အချိန်တွေကို ရခဲ့သလို ကျွန်တော်တို့ အတွက် ဒီပွဲက ကောင်းမွန်တဲ့ ရာသီကြို ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ကွန်တီကို အရမ်း လေးစားအားကျတဲ့ လူတယောက်ပါ။ ကွန်တီက သူ့ရဲ့ ကိုယ်ပိုင် ကစားဟန် တခုကို ပိုင်ဆိုင်ထားပြီး သူ ကိုင်တွယ်တဲ့ အသင်းတိုင်းမှာ သူ့ရဲ့ ကစားဟန်ကို သွတ်သွင်းနိုင်လေ့ ရှိပါတယ်။ အဲ့ဒါက ကွန်တီနဲ့ ပတ်သတ်ပြီး ကျွန်တော့်ဘက်က လေးစား အားကျရတဲ့ အချက်တခုပါ” လို့ ပြောကြားသွားခဲ့တာပါ။