အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ကွန်တီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု တတိယပွဲမှာ ဂျာမန်ကလပ် ဖရန့်ဖတ်နဲ့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် အသင်းရဲ့ တိုက်စစ်မှူးတွေရဲ့ အဆုံးသတ် ညံ့ဖျင်းမှုကြောင့် ဖရန့်ဖတ်ကို သရေကျခဲ့ရတာပါလို့ ငြီးတွားသွားခဲ့ပါတယ်။

စပါးက ယခုနှစ်  ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဖရန့်ဖတ် ၊ စပို့တင်း လစ္စဘွန်း ၊ မာဆေးလ်တို့နဲ့အတူ တအုပ်စုထဲ ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲမှာ မာဆေးလ်ကို အနိုင်ရခဲ့ပေမယ့် အုပ်စု ဒုတိယပွဲမှာ မထင်မှတ်ပဲ စပို့တင်း လစ္စဘွန်းကို အရှုံးပေးခဲ့ရတာကြောင့် အုပ်စုပထမနေရာ ရဖို့ အတွက် ဖရန့်ဖတ်နဲ့ ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ရလဒ် ရယူနိုင်ဖို့ လိုအပ်ခဲ့ပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ ဂျာမန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဖရန့်ဖတ်နဲ့ စပါးတို့ရဲ့ ပွဲစဉ်မှာ ဧည့်သည် စပါးက ပွဲစပွဲဆုံး ဖရန့်ဖတ်ကို ဖိအားပေး ကစားကာ သွင်းဂိုးတွေ ရယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်မှု ၊ ဂိုးသွင်းခွင့် ဖန်တီးနိုင်စွမ်း အားနည်းမှုနဲ့ ဖရန့်ဖတ် ခံစစ်ရဲ့ ကျစ်လျစ်တဲ့ ကစားဟန်တို့ကြောင့် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဖရန့်ဖတ် ၀-၀ စပါး ပွဲစဉ်အပြီးမှာတော့ စပါးက အုပ်စု ပထမအကျော့ ပွဲစဉ်တွေ အပြီးမှာ ၁ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရရှိခဲ့တာကြောင့် အုပ်စု ဒုတိယနေရာကို ရောက်ရှိနေပြီး စပါးနည်းပြဖြစ်သူ ကွန်တီကတော့ သူတို့အသင်းဟာ ဖရန့်ဖတ်ကို အနိုင်ရခဲ့သင့်ကြောင်းနဲ့ အဆုံးသတ် ညံ့ဖျင်းမှုတွေကြောင့်သာ အနိုင်ရလဒ်နဲ့ ဝေးကွာခဲ့ရတာပါလို့ ငြီးတွားသွားခဲ့ပါတယ်။

Photo Credit: Football 365

ကွန်တီက – “ကျွန်တော်တို့က ဒီနေ့ပွဲမှာ ပြိုင်ဘက်ကို အစွမ်းကုန် ဖိအားပေး ကစားတဲ့ ကစားဟန်နဲ့ ကစားခဲ့ကြသလို အလုပ်လည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဖိအားပေးမှုတွေကြောင့်ပဲ ပြိုင်ဘက်အသင်းအနေနဲ့ သူတို့ရဲ့ ကစားကွက် အတိုင်း မကစားနိုင်ခဲ့ကြပါဘူး။ တချိန်ထဲမှာပဲ ကျွန်တော်တို့ရဲ့ အဆုံးသတ်ပိုင်းဟာ တိုးတက်ဖို့ လိုအပ်နေတာကို အရှင်းသား မြင်တွေ့ခဲ့ရပါတယ်။ ဒီနေ့ပွဲမှာဆိုရင် ကျွန်တော်တို့က ဂိုးသွင်းခွင့်တွေ အမြောက်အမြား ရခဲ့ပေမယ့် သွင်းဂိုးတွေ ရအောင် မသွင်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က အဆုံးသတ်မှာ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။ ဒီနေ့ပွဲရဲ့ ရလဒ်ပိုင်းက မျှတတဲ့ ရလဒ်တခုပါ။ ဂျာမန်မြေမှာ လာကစားရတာဟာ လွယ်ကူတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကသာ သွင်းဂိုးတွေ မသွင်းယူနိုင်ရင် အနိုင်ရဖို့ အတွက် မျှော်မှန်းနေလို့ မရပါဘူး။ အာဆင်နယ်နဲ့ပွဲမှာလည်း အတူတူပါပဲ။ ကျွန်တော်တို့က သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် နောက်ဆုံး အဆုံးသတ်ခါနီးကျရင် အမှားတွေ တခုမဟုတ် တခု လုပ်မိနေတော့တာပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။