အင်တာမီလန်အသင်းရဲ့နည်းပြ အန်တိုနီယိုကွန်တီက သူအနေနဲ့ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းရဲ့ နည်းပြအဖြစ်နဲ့ ဆောင်ရွှက်နေစဉ်အတွင်း အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ဒုတိယမြောက်ဘောလုံးရာသီအတွင်းမှာ တိုက်စစ်မှူးရိုမယ်လုလူကာကူနဲ့ နောက်ခံကစားသမား ဗာဂျယ်ဗန်ဒိုက်တို့ကို ခေါ်ယူသွားဖို့ အတော်လေးကို နီးစပ်ခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : GiveMeSport

အီတလီလူမျိုးဘောလုံးနည်းပြ ကွန်တီဟာ ၂၀၁၆ခုနှစ်က အီတလီအသင်းနဲ့ လမ်းခွဲလိုက်ပြီးနောက် ချယ်လ်ဆီးအသင်းရဲ့နည်းပြအဖြစ် ပြောင်းလဲကိုင်တွယ်ခဲ့ပြီး သူရဲ့ပွဲဦးထွက်ရာသီမှာပဲ အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ပထမရာသီမှာ အောင်မြင်ခဲ့ပြီးနောက် ဒုတိယရာသီအရောက်မှာပဲ ကွန်တီက အသင်းအတွက် လူကာကူနဲ့ ဗန်ဒိုက်တို့ကို ခေါ်ယူဖို့အတွက် အသင်းကို တောင်းဆိုခဲ့ပြီး အပြောင်းအရွှေ့ကလည်း ဖြစ်ပေါ်လာဖို့ နီးစပ်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့်ပဲ ပျက်ပြယ်ခဲ့ရတယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

Photo Credit : TalkSport

ကွန်တီက “အဲ့ဒီတုန်းက ကစားသမားနှစ်ယောက်ကို ခေါ်ယူပေးဖို့ အသင်းကို ကျွန်တော်တောင်းဆိုခဲ့ပါတယ်။ ရောက်လာဖို့လည်း နီးစပ်ခဲ့ပါသေးတယ်။ ပထမကစားသမားကတော့ လူကာကူပါ။ နောက်တစ်ယောက်က ဗန်ဒိုက်။ သူတို့နှစ်ယောက်လုံး ကျွန်တော့်အသင်းကို ရောက်ရှိဖို့ အတော်လေး နီးစပ်ခဲ့တယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ ဒီကစားသမားနှစ်ယောက်ကို နေ့တိုင်းနီးပါး ဆက်သွယ်နေခဲ့တာ။ နောက်ပြီး သူတို့သာ အသင်းကို ရောက်လာခဲ့မယ်ဆိုရင် အသင်းက ဒီထက်ပိုပြီးတိုးတတ်လာလိမ့်မယ်လို့လည်း ကျွန်တော်အမြဲတမ်း ပြောခဲ့တယ်။ ဒါပေမယ်လည်း အပြောင်းအရွှေ့က တကယ်တမ်းတော့ မဖြစ်လာခဲ့ဘူး။ လူကာကူဆိုရင် အင်တာကို ရောက်လာချိန်မှာ သူရဲ့ခြေစွမ်းက ဘယ်လိုလဲဆိုတာကို သက်သေပြနိုင်ခဲ့လို့ ကျွန်တော့်စိတ်ကူးတွေက မှန်ကန်ခဲ့သလို ဗန်ဒိုက်ဆိုလည်း လီဗာပူးလ်အသင်းမှာ သူပြသခဲ့တဲ့ ခြေစွမ်းတွေကို လေ့လာကြည့်ရင် ကျွန်တော့်စိတ်ကူးက မှန်ကန်တယ်ဆိုတာကို သိနိုင်မှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ကွန်တီက သူအနေနဲ့ ဒီကစားသမားတွေကို ချယ်လ်ဆီးအသင်းဆီကို ခေါ်ယူချင်ခဲ့ပေမယ့်လည်း အသင်းဘက်ကတော့ အဲဗာတန်နဲ့ ဆောက်သမ်တန်အသင်းရဲ့ ကစားသမားတွေကို အသင်းဆီ ခေါ်ဆောင်ဖို့က မဝ့ံမရဲဖြစ်နေခဲ့တာကြောင့် အပြောင်းအရွှေ့က အထမမြောက်ခဲ့တာလို့လည်း ပြောဆိုသွားခဲ့ပါတယ်။