အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီကတော့ ဒီရာသီမှာ သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာကို ရရှိနိုင်ဖို့ အတွက် ပစ်မှတ်ထား ကြိုးစားနေကြောင်း လိဒ်အသင်းကို အနိုင်ရခဲ့ပြီးနောက် ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

စပါးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) အဖြစ် လိဒ်ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး အဆိုပါနိုင်ပွဲကြောင့်ပဲ အမှတ်ပေးဇယားရဲ့ အဆင့်၇နေရာထိကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဒါပေမယ့် စပါးအသင်း အတွက် အဓိက ရည်မှန်းချက်ဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာကို ရရှိဖို့ ဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ အတွက် စပါးအသင်းဟာ မန်ချက်စတာ စီးတီး ၊ ချယ်လ်ဆီး ၊ လီဗာပူး ၊ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

စပါးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ကြီး၆ကြီးလို့ တင်စားခံထားရတဲ့ အသင်းကြီး ၆သင်းထဲမှာ လူအင်အား အနည်းဆုံး အသင်း ဖြစ်တာကြောင့် အသင်းကြီး ၃သင်းကို ကျော်ဖြတ်ပြီး အဆင့်၄နေရာကို ရရှိဖို့ အတွက် အစွမ်းကုန် ကြိုးစား ရုန်းကန်ဖို့ လိုအပ်ပါတယ်။

စပါးအသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီကလည်း သူတို့အသင်းရဲ့ လူစာရင်းမှာ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ကြောင်း ဝန်ခံခဲ့သလို သူတို့အသင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ ထိပ်သီး ၄သင်းစာရင်းထဲ ဝင်ရောက်နိုင်ဖို့ ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး သူတို့အသင်းရဲ့ ရည်မှန်းချက် ပြည့်ဝဖို့ အစွမ်းကုန် ကြိုးစားသွားပါမယ် လို့ ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

Photo Credit: Marca

ကွန်တီက – “ကျွန်တော်တို့တွေက ပွဲစဉ်တိုင်းမှာ အနိုင်ရဖို့ အတွက် တိုက်ခိုက်သွားမယ်။ ပြီးရင် ကျွန်တော်တို့ရဲ့ အမှတ်ပေးဇယား ရပ်တည်မှုကို မြှင့်တင်ချင်ပါတယ်။ အရိုးသားဆုံး ပြောရရင်တော့ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ အရမ်းကို ခက်ခဲပါတယ်။ ပွဲတိုင်းက ခက်ခဲသလို ခင်ဗျားက ဘယ်အသင်းကိုမဆို ရှုံးနိမ့်သွားနိုင်ပါတယ်။ အခုချိန်မှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြားအသင်းတွေထက် တဆင့် သာနေတဲ့ အသင်းလေးသင်း ရှိပါတယ်။ သူတို့အသင်းတွေက ငွေကြေး ရင်းနှီးမြှုပ်နှံမှု များသလို ထိပ်တန်းအဆင့် နည်းပြတွေကိုလည်း ခန့်အပ်ထားကြပါတယ်။ ဒါကြောင့် သူတို့နဲ့ ကျွန်တော်တို့ရဲ့ ကြားမှာ ကွာဟချက်တွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့တွေကို မကြောက်ပါဘူး။ ပြီးတော့ ကျွန်တော့်ရဲ့ ကစားသမားတွေကိုလည်း ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်တို့က အဆင့်၄နဲ့ အနီးစပ်ဆုံး နေရာတခုကို အရောက်သွားဖို့ ဆုံးဖြတ်ထားပြီး အကယ်၍ ထိပ်သီး ၄သင်းထဲက တသင်းကသာ ခြေချော်သွားမယ် ဆိုရင် သူတို့ရဲ့နေရာကို ကျွန်တော်တို့ အစားဝင်သွားမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။